တရုတ်ကမ်းခြေတခုတွင်

March 19, 2017

တရုတ်ကမ်းခြေတခုတွင် ကိုယ်ဝန်ဆောင် ဝေလငါးကြီး သောင်တင်သေဆုံး

ကိုယ်ဝန်ဆောင်ဝေလငါးကြီးတကောင်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင် ကမ်းခြေပေါ်ကို ပြီးခဲ့တဲ့အပတ်က သောင်တင်လာပြီး မတ်လ ၁၅ ရက်နေ့က သေဆုံးသွားပါတယ်။ ကယ်ဆယ်ရေးတွေက  ၇၅ နာရီကြာအောင် ကယ်တင်ဖို့ ကြိုးစားပေမယ့် ဝေလငါးဟာ သန္ဓေသားလောင်းကို ကိုယ်ဝန်ဆောင်ရင်း သေဆုံးခဲ့တယ်၊ ဒီလိုကိုယ်ဝန်လွယ်ပြီး ဝေလငါးသေဆုံးတာက ကမ္ဘာ့ပထမဦးဆုံးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မနက်က ဒီဝေလငါး အမကို မစ္စတာလင်းဆိုသူက ဂွမ်ဒေါင်းခရိုင် Huizhou မြို့အနီး ရေထဲမှာ တွေ့ခဲ့ပြီး အာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားပြီးနောက် လူမှုကွန်ရက်စာမျက်နှာမှာ ဒီအကြောင်းကို တင်ခဲ့တာပါ။ သင်္ဘော ၂ စီးနဲ့ မြို့ခံ ဒိုက်ဗင်အသင်းက ဒိုက်ဗင်သမား ၃ ဦး အဲဒီနေရာကို သွားပြီး ငါးဖမ်းပိုက်ကွန်တွေကို ရှင်းလင်းခဲ့တယ်လို့ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ မစ္စတာလင်းရဲ့ အခြားသူငယ်ချင်းတွေလည်း ကူညီပေးဖို့ ရောက်လာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့နဲ့ မီးသတ်ဌာနတို့ ပူးပေါင်းပြီး ဝေလငါးကြီး ပင်လယ်ထဲ လွတ်မြောက်သွားနိုင်အောင် ကြိုးစားခဲ့ကြတယ်၊ မတ်လ ၁၄ ရက် နေ့ထိ ကယ်ဆယ်ရေး ဆက်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ငါးလုပ်ငန်းဌာန ပင်လယ်သုတေသန ဌာနနဲ့ အရန်ကယ်ဆယ်သူ စုစုပေါင်း တစ်ဒါဇင်ကျော်က နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကယ်ဆယ်ခဲ့ပေမယ့် အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေး ၄ ရက်မြောက်နေ့ဖြစ်တဲ့ မတ်လ ၁၅ ရက်နေ့မှာ ဝေလငါးကြီး သေဆုံးသွားပြီး ညနေပိုင်း ခွဲစိတ်စစ်ဆေးမှုမှ ဝေလငါးကြီးရဲ့ ဗိုက်ထဲမှာ သန္ဓေသားလောင်းလေး သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။ စပမ်းဝေလငါးအမျိုးအစားတွေဟာ သွားပါတဲ့ ဝေလငါးတွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး International Union for Conservation of Nature (IUCN) ရဲ့ အနီရောင် စာရင်းထဲမှာ အကာအကွယ်မဲ့နေတဲ့/နုနယ်တဲ့ သတ္တဝါအဖြစ် သတ်မှတ်ထားပါတယ်။ စပမ်းဝေလငါးတွေရဲ့ စုစုပေါင်းအရေအတွက်ဟာ သိန်းဂဏန်းအထိ ရှိနိုင်ပြီး အလှကုန် ဖယောင်းတိုင်နဲ့ ရေမွှေးတွေမှာ သုံးတဲ့ ပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးဝင်လို့ ဒီဝေလငါးမျိုးနွယ်စိတ်ဟာ များစွာ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံနေရတယ်လို့လည်း သိရပါတယ်။
5 years Ago
Up