တနှစ်ထက် တနှစ် ပိုများလာ

December 27, 2017

ဟိုပင်ရေပူစမ်းသို့ လာရောက်အပန်းဖြေသူ တနှစ်ထက် တနှစ် ပိုများလာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ဘုန်းကြီးစခန်းကျေးရွာ မြောက်ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ ရေပူစမ်းကို လာရောက်အပန်းဖြေ ရေချိုးသူ တနှစ်ထက်တနှစ် ပိုများလာတယ်လို့ ရေပူစမ်းဆရာတော် ဦးပညာဇောတကမိန့်ပါတယ်။ “ အရင်က လမ်းမကောင်းတော့ မုဆိုးလမ်းကနေ သွားရတာ။ တောကောင်တွေလည်း စိတ်မချရဘူး။ ရေပူစမ်းကို လီဆူးတွေက အရင်တွေ့တာ။ ဆေးဖြစ်တယ်သိတော့ မြစ်ကြီးနားကနေ စားအိုး စားခွက်တွေနဲ့ ညအိပ်လာပြီး ရေစိမ်ကြတယ်။ လုံခြုံမှု မရှိတော့ ကျေးရွာကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်းတယ်။ အခကြေးငွေလည်း ယူပါ။ နေထိုင်စရာလည်း လုပ်ပေးပါဆိုပြီး အကူအညီတောင်းတယ်။ သူတို့အကြံပေးလို့ ဒီလိုအဆောင်တွေ ဖြစ်လာတာပါ။” ဒီရေပူစမ်းကို လီဆူးလူမျိုး၊ ကချင်လူမျိုးနဲ့ တရုတ်လူမျိုးတွေ အများဆုံး လာကြတာဖြစ်ပြီး ဆောင်းကာလဖြစ်တဲ့ နိုဝင်ဘာ၊ဒီဇင်ဘာ၊ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလတွေမှာ  ညအိပ် ဧည့်သည်တွေ အလာများတယ်လို့ သိရပါတယ်။ မ.ဆ.လ ခေတ်မှာ လီဆူးလူမျိုးတစု ကျွန်းသစ်ခုတ်လုပ်ငန်း၊ အမဲလိုက်လုပ်ငန်း လုပ်ရာက ရေပူကြီးရေကို လီဆူးတို့က အရင်ဆုံး ဆေးဖြစ်ကြောင်း သိရှိပြီး မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်ကနေ နှစ်စဉ်နှစ်တိုင်း တနှစ်ထက် တနှစ် ပိုများပြားစွာ လာရောက်တာ တွေ့ရပါတယ်။ ရေပူစမ်းကို ပထမဆုံး တွေ့ရှိသူ မြစ်ကြီးနား၊ ရွှေစက်ရပ်ကွက်နေ လီဆူးတိုင်းရင်းသူ ဒေါ်ငွါးမဆစ်က “ဒါ ဘုရားပေးတဲ့ဆေး ဟုတ်တယ်။ တောထဲမှာ ငှက်ဖျားမိရင် ဒီရေပူကို လာချိုး၊ ပျောက်တယ်။ ခေါင်းမူး ခေါင်းကိုက် တအားပျောက်တယ်။ အိမ်ထောင်ပြုပြီး အကြာကြီးနေလို့ ကလေးမရရင် ဆုတောင်းပြီး ချိုး ကလေးရတယ်။ နတ်တအားကြီးတယ်။ လူတွေအတွက် ဘုရားက လက်ဆောင်ပေးတာ ဟုတ်တယ်။ ယုံကြည်ပြီး ချိုး၊ မယုံကြည်ဘဲ ချိုးရင် အပြစ်ရတယ်။ ဖျားတာပဲ ဖြစ်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မြစ်ကြီးနား၊ ရွှေစက်မှာ နေထိုင်သူ ဦးခူဖီးလစ်နဲ့ ဒေါ်အားညို အိမ်ထောင်သက် ၈ နှစ်မှာ ကလေးမရဘဲ ရေပူချိုးပြီး ၆ လမှာ သမီးလေး ရခဲ့ပြီး မြစ်ကြီးနား၊ ငှက်ပျောတောနေ ဦးဇီဘလွယ်နဲ့ ဒေါ်ရှီးလူးမီးကလည်း အိမ်ထောင်သက် ၈ နှစ်မှာ သားလေး ရခဲ့တယ်လို့ ဒေါ်ငွါးမဆစ်က ဆက်ပြောပါတယ်။ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအိက “ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရဲ့ အထင်ကရ အင်းတော်ကြီးနဲ့ ရေပူစမ်းပေါ့နော်။ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတော့ တနှစ်ထက် တနှစ် လူပိုသိလာတာပေါ့နော်။ သဘာဝ တောတောင်တွေလည်း တွေ့နိုင်တယ်။ ဆေးလည်းဖြစ်တယ်။ ဒီမှာ လူတန်းစား အလွှာမရွေး တပြေးညီ တန်းတူအခွင့်အရေးရတော့ ပိုပြီးကျေနပ်သလို ခံစားရတယ်။ ခရီးသွားလုပ်ငန်း အဆင်ပြေအောင် ပိုပြီးထိန်းသိမ်းသင့်တယ်” လို့  ပြောပါတယ်။ ရေပူစမ်းရေကို နိုင်ငံခြားသားတွေ လာရောက်စမ်းသပ်တဲ့အခါ ကန့်ဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဆားဓာတ် ပါဝင်ကြောင်း သိရှိပြီးနောက် ရေချိုးသူတွေဟာ ငှက်ဖျားရောဂါ၊ အညောင်းအကိုက်ရောဂါ၊ သွက်ချာပါဒရောဂါ၊ သွေးခဲ၊ ခေါင်းကိုက်၊ အမျိုးသမီး ဓမ္မတာမမှန်ခြင်း၊ ပွေး၊ ဝဲ၊ ယားနာ၊ ပြည်တည်နာရောဂါ၊ ကိုယ်ရေပြားရောဂါ၊ အလုပ်ကြမ်းလုပ်သူ၊ ဖျားနာသူ၊ ရွှေကျင်သူ၊ ခရီးဝေး အလျှောက်များသူတွေ စတဲ့ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းကြောင်း တွေ့ရပါတယ်။ ချော်ခဲကို မျက်နှာမှာ သွေးလိမ်းပါက ဝက်ခြံ၊ တင်းတိတ် ပျောက်လို့ ရေပူစမ်းက အပြန်မှာ လက်ဆောင်ယူသွားတတ်ကြပါတယ်။ယုံကြည်သူတွေက ရေပူကို ဆုတောင်းပြီးမှ ချိုးကြပါတယ်။ ရေချိုးပြီးတာနဲ့ အစာစားပြီး စောင်ခြုံနေလေ့ ရှိပါတယ်။ ရေပူစမ်းကို ကားလမ်း ကောင်းမွန်လာတဲ့အတွက် အဝေးက လာလိုသူတွေဟာ မီးရထားနဲ့ မိုးညှင်း၊ ဟိုပင်ဘူတာကနေ ကားနဲ့ သွားရောက်နိုင်သလို ကားနဲ့လည်း တိုက်ရိုက်သွားရောက်နိုင်ပါတယ်။ ခရီးအကွာအဝေးမှာ မိုးညှင်း-ဟိုပင် ၂၀ မိုင်၊ ဟိုပင်ကနေ ရေပူစမ်းကို ၇ မိုင် ကွာဝေးပါတယ်။ ရန်ကုန်က တိုက်ရိုက်ကားနဲ့လာသူတွေကတော့ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားကို ဦးစွာ သွားရောက်ပြီး အပြန်မှသာ ရေပူစမ်းကို ဝင်ရောက်တတ်ကြပါတယ်။ ညအိပ်ဧည့်သည်တွေ စိတ်ချမ်းသာစွာ တည်းခိုနေနိုင်ဖို့အတွက် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာဇရပ် ၅ ဆောင်၊ RC သန့်စင်ခန်း ၁၀ ခန်း၊ အမျိုးသား ရေချိုးကန် ၃ ကန်၊ အမျိုးသမီးအတွက် ၆ ကန် ထားရှိပါတယ်။ ရေပူစိမ်ရာမှာ ကြိုတင်သိထားရမယ့် အချက်တွေကတော့ ဗိုက်အဆာလွန်ချိန်၊ အချိန်အတော်ကြာ ကားစီးလာသူ၊ ခရီးဝေးလျှောက်လာရသူ၊ အိပ်ရေးမဝသူ၊ စိတ် အလွန်ထိခိုက်နေချိန်၊ ထမင်းစားပြီးချိန်၊ အရက်သောက်ပြီးစအချိန်၊ အဖျားပျောက်ခါစအချိန်၊ နှလုံးရောဂါရှိသူ၊ သွေးတိုးရှိသူ၊ ကိုယ်ဝန်ရှိစအချိန်၊ အမျိုးသမီး ဓမ္မတာမလာမီနဲ့ လာပြီးချိန်တွေမှာ ရေပူမစိမ်သင့်ပါဘူး။ ရေပူစိမ်ပြီးရင် အစာလုံလုံလောက်လောက် အားရှိအောင် စားရမှာဖြစ်ပြီး နွေးနွေးထွေးထွေး နေထိုင်သင့်တယ်လို့ သိပါတယ်။ ဒီဒေသမှာ သစ်တောတွေကို ထိန်းသိမ်းဖို့ ဒေသခံတွေကို ကျွန်းပင်စိုက်ပျိုးမှုကို အားပေး ဆောင်ရွက်နေသလို သစ်ပင်၊ သစ်တောတွေကို ကာကွယ်စောင့်ရှောက်ထားပေမယ့် စက်လွှတွေနဲ့ သစ်ပင်တွေ အဖြတ်ခံနေရတာ၊ ဝါးပင်တွေ ခိုးခုတ်ခံနေရတာတွေရှိနေတယ်လို့ ဆရာတော်ဦးပညာဇောတက မိန့်ကြားပါတယ်။ သတင်း - ခင်သန်းညွန့်
3 years Ago
Up