တွဲဖက်ကစားခွင့်

December 3, 2020

မက်ဆီနှင့်ပြန်လည်တွဲဖက်ကစားခွင့်ရလိုဟု နေမာပြော

လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီနဲ့ ပြန်လည်တွဲဖက်ကစားချင် တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြောပါတယ်။ နေမာနဲ့မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၃ ကနေ ၂၀၁၇ အထိ ၄ ရာသီကြာ တွဲကစားခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ MSN အတွဲလို့ သူသိများတဲ့ ဆွာရတ်ပါပါဝင်တဲ့ တောင်အမေရိကသား သုံးဖော်တိုက်စစ်ဟာ ဘာစီလိုနာအသင်းကို လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရရှိစေခဲ့ပြီး ကိုပါဒယ်ရေးဖလား ၃ လုံး ဆွတ်ခူးခဲ့ပါတယ်။  ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ နေမာဟာ ဘာကာအသင်းနေ ထွက်ခွာသွားခဲ့ပြီး ပီအက်စ်ဂျီ အသင်းကို စံချိန်တင်ပြောင်းရွေ့ကြေး ယူရို  ၂၂၂  သန်းနဲ့ပြောင်း  ရွေ့ခဲ့ပါတယ်။ ဘရာဇီးသား နေမာဟာ အသင်းကနေ ထွက်ခွာသွားခဲ့ပြီးကတည်းက ဘာကာကို ပြန်လည်ရောက်ရှိ လာမယ်လို့ မကြာခဏသတင်းထွက်ပေါ်ခဲ့ဖူးပြီး ရောက်ဖို့ နီးစပ်တဲ့ အခြေနေမျိုးလည်း ရှိခဲ့ပါတယ်။  တစ်ဖက်မှာလည်း မက်ဆီရဲ့ ဘာစီလိုနာအနာဂတ်ဟာ မရေရာတဲ့အခြေနေကိုရောက်လာပြီး ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ တရားတဘောင်ကိစ္စတွေကို ရှောင်ရှားလိုတာကြောင့်အသင်းမှာဆက်နေ ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အာဂျင်တီးနားသားနဲ့ ဘာစီလိုနာရဲ့စာချုပ်ဟာ အခုရာသီကုန်မှာသက်တမ်းကုန်တော့ မှာပါ။  လက်ရှိမှာ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်နောက်ဆုံးကာလတွေကို ရောက်နေပြီ ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ မက်ဆီနဲ့ နေမာတို့ ဘယ်အသင်းမှာ ပြန်လည်ပေါင်းစည်းနိုင်မလဲဆိုတာ မသိနိုင်သေးပေမဲ့ နေမာကတော့ နောက်ရာသီမှာမက်ဆီနဲ့ တွဲကစားချင်တယ်လို့ပြောပါတယ်။    “ကျနော်အလိုချင်ဆုံးကတော့ မက်ဆီနဲ့ထပ်မံ တွဲကစားခွင့်ပါ”လို့ နေမာက ယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာပြောပါတယ်။  ဘယ်နေရာမှာပြန်လည်ပေါင်းစည်းနိုင်တာလဲလို့မေးမြန်းခဲ့တာကိုတော့ နေမာက “သူက ကျနော့်နေရာမှာလည်း ကစားနိုင်စွမ်းရှိသူပါ။ ဒါဟာ ပြဿနာမဟုတ်ပါဘူး” လို့ ရယ်ရယ်မောမောနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  လာမယ့်နှစ်မှာ သူတို့နှစ်ယောက်ပြန်တွဲကစားနိုင်ဖို့ သေချာပေါက်လုပ်ဆောင်ဖို့ လိုတယ်လို့ လည်း ဘရာဇီးလ်သားက ဆက်လက်ပြောဆိုပါတယ်။ 
5 months Ago
Up