တွေ့ဆုံဆွေးနွေးပွဲ

September 7, 2021

တွေ့ဆုံဆွေးနွေးပွဲ ဖြစ်အောင်ကြိုးပမ်းနေဟု PPST ခေါင်းဆောင်ပြော

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးပမ်းနေပြီး  ၄ လအပစ်ရပ်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကို ကြိုဆိုတယ်လို့ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ခေါင်းဆောင်က ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ (NCA-S-EAO) ရဲ့အစည်းအဝေးကို စက်တင်ဘာ ၇ ရက် ဒီကနေ့မနက် ကျင်းပရာမှာ ပြောလိုက်တာပါ။ 

PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက “တွေ့ဆုံဆွေးနွေးပွဲများကျင်းပနိုင်အောင် အန်စီအေ စာချုပ် အသိသက်သေနိုင်ငံများနဲ့ အဖွဲ့အစည်းများကို ကြားဝင်စေ့စပ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး ဤတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆက်လက် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါတယ်။ တဖက်တွင်လည်း အာဆီယံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် မကြာမီ ပြည်တွင်းကို လာရောက်မဲ့ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ်ယူဆွတ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

လက်ရှိတိုင်းပြည်နိုင်ငံရေးအကျပ်အတည်းကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေပေးနိုင်ဖို့ ၄ လတာ အပစ်ရပ်ရေး အာဆီယံ အထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကို ကြိုဆိုတယ်လို့လည်း သူက ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှလက်တွဲကူညီဖို့ အသင့်ရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် “မိမိတို့တိုင်းပြည်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာ အခုဆိုရင် ၇ လကျော်လာပြီ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးအထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြည်တွင်းပြည်ပ သက်ဆိုင်တဲ့အဖွဲ့အစည်းများအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပေမဲ့ ခုထက်ထိ ဖြေရှင်းနိုင်ခြင်းမရှိခဲ့တာကို အားလုံးသိပြီးဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အစည်းအဝေးကို ဗွီဒီယို ကွန်ဖရင့်ဆင်းစနစ်နဲ့ ကျင်းပတာဖြစ်ပြီး မနက်ဖြန် ဆက်ကျင်းပမယ်လို့ သိရပါတယ်။

3 months Ago
Up