တွမ်ဟန့်စ်

April 24, 2020

ကိုရိုနာစကားလုံးပါသည့် နာမည်ပိုင်ရှင်ကလေးကို မင်းသားကြီး တွမ်ဟန့်စ် လက်ဆောင်ပို့

ကိုရိုနာဆိုတဲ့နာမည်ကြောင့် အနိုင်ကျင့်ခံရတဲ့ သြစတြေးလျကလေးငယ်တစ်ယောက်ကို  ကမ္ဘာကျော်မင်းသား တွမ်ဟန့်စ် ပေးစာတစ်စောင်နဲ့  ကိုရိုနာ အမှတ်တံဆိပ်  လက်နှိပ်စက်တစ်လုံး  လက်ဆောင်ပေးခဲ့တယ်လို့   သြစတြေးလျ ရုပ်သံက ဧပြီ ၂၃ ရက်မှာ ဖော်ပြ လိုက်ပါတယ်။    ကွင်းစလန်ပြည်နယ်က  ကိုရိုနာ ဒီဗရီးစ်ဆိုသူ  ၈ နှစ်အရွယ် ကလေးငယ် တစ်ယောက်ဟာ   သူ့နာမည်ကြောင့် ဝိုင်းအနိုင်ကျင့်ခံရတဲ့ အကြောင်းကို တွမ်ဟန့်စ်ဆီ စာရေးခဲ့ပါတယ်။   တွမ်ဟန့်စ်နဲ့ ဇနီးသည် ရီတာတို့မှာ   ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးနောက်   သြစတြေးလျ  ကမ်းခြေအပန်းဖြေစခန်းတစ်ခုမှာ သီတင်းနှစ်ပတ်ကျော် အသွားအလာကန့်သတ်မှုကို ခံယူခဲ့ပါတယ်။  ကိုရိုနာက တွမ်ဟန့်စ်တို့ကို နေကောင်းသွားပြီလား စာရေးသတင်းမေးခဲ့ပြီးနောက် သူ့ကို   ကျောင်းက လူတွေက ကိုရိုနာဗိုင်းရပ်စ် ဆိုပြီး ခေါ်နေလို့  စိတ်ဆိုးရတဲ့ အကြောင်းကိုလည်း စာထဲမှာ ထည့်ရေးခဲ့ပါတယ်။   အဲဒီအခါမှာ  အော်စကာ နှစ်ထပ်ကွမ်းဆုရှင်   တွမ်ဟန့်စ်က  ကိုရိုနာဆိုတဲ့ နာမည်နဲ့လူကို သူတစ်ခါပဲ တွေ့ဖူးပြီး  ကိုရိုနာဆိုတာက နေပတ်လည်မှာရှိတဲ့  crown လိုပဲဆိုပြီး ကလေးငယ်ဆီ  စာပြန်ရေးခဲ့ပါတယ်။   အဲဒီစာကို တွမ်ဟန့်စ်က  သြစတြေးလျကမ်းခြေဆီ သူယူသွားခဲ့တဲ့   ကိုရိုနာအမှတ်တံဆိပ် လက်နှိပ်စက်နဲ့ ရိုက်ခဲ့ပြီး   အဲဒီစာမှာ  လက်မှတ်ရေးထိုးခဲ့ပါတယ်။    စာကြွင်းအနေနဲ့ တွမ်ဟန့်စ်က မင်းမှာ ငါ့လို သူငယ်ချင်း ရှိတယ်ဆိုပြီးလည်း ရေးသား ခဲ့ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။   
2 years Ago

March 17, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ အမေရိကန်သရုပ်ဆောင် တွမ်ဟန့်စ်နှင့်ဇနီးတို့ ဆေးရုံမှဆင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အမေရိကန်သရုပ်ဆောင် တွမ်ဟန့်စ်နဲ့ ဇနီး ရီတာဝီလ်ဆင်တို့ဟာ ကုသမှု ခံယူပြီးနောက် မတ်လ ၁၆ ရက်နေ့က သြတြေးလျ ဆေးရုံကနေ ဆင်းသွားခဲ့ပါတယ်။  သူတို့ဇနီးမောင်နှံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီးနောက် အခုအခါမှတော့ သူတို့ဟာ ကွင်းစလန်ပြည်နယ်က အငှားနေအိမ်မှာ ကိုယ်တိုင်သီးခြားစောင့်ကြည့်မှု ခံယူနေပါတယ်။  သူတို့မောင်နှံဟာ သြစတြေးလျနိုင်ငံ Gold Coast မြို့မှာ အဲဗစ်ပရက်စ်လေ ရုပ်ရှင်အကြောင်း ရုပ်ရှင် ရိုက်ဖို့ရောက်နေတာဖြစ်ပြီး အခုအခါမှာတော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေကို ခေတ္တ ဆိုင်းငံ့ထားပါတယ်။ လက်ရှိ သြစတြေးလျမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေသူ ၄၀၁ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၇ ဦး ရှိပါတယ်။  သြစတြေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆင်က နိုင်ငံထဲကို ရောက်နေတဲ့ ဘယ်သူမဆို သီတင်းနှစ်ပတ် ကိုယ်တိုင်သီးခြားစောင့်ကြည့်မှုခံယူရမယ်လို့ မတ်လ ၁၆ ရက်က ညွှန်ကြားခဲ့ပါတယ်။  သြစတြေးလျမှာ နိုင်ငံခြားအပျော်စီး သင်္ဘောကြီးတွေ ဆိုက်ကပ်ခွင့်ကို ရက်ပေါင်း ၃၀ တားမြစ်ထားပေမယ့် ကျောင်းတွေကိုတော့ ဆက်ဖွင့်ထားတယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။  ဒီနေ့မနက် ၁၁ နာရီအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၂၆၀၉ ယောက်၊ သေဆုံးသူ ၇၁၇၁ ယောက်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇၉၈၈၃ ယောက် ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up