ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ တွမ်ခရုစ်ဟာ အာကာသထဲက နောက်ခံစကားပြော စွန့်စားရုပ်ရှင်ကားတကားကို ရိုက်ကူးသွားဖို့ ရှိနေတယ်လို့ Deadline သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီရုပ်ရှင်ရိုက်ကူးမှုကိုတော့ အမေရိကန် အကာသသိပ္ပံအဖွဲ့အစည်း နာဆာနဲ့အတူ SpaceX ရဲ့ စီအီးအိုဖြစ်တဲ့ Elon Musk တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အသက် ၅၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသားကြီးဟာ စွန့်စား သရုပ်ဆောင်ရတဲ့ ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတယောက်တော့ မဟုတ်ပါဘူး။
မိုးမျှော်အဆောက်အဦပေါ်မှာ တွယ်တက်တာ၊ လေယာဉ်ပျံသန်းနေချိန် ဘေးကနေ တွယ်ဖက် လိုက်ပါတာမျိုးတွေ၊ အရှိန်နဲ့ မြန်နှုန်းမြင့် ကားယှဉ်ပြိုင်မှုမျိုးတွေအပါအဝင် ပင်လယ်ရေ အောက် စွန့်စားငုပ်လျှိုးစတန့်ပြ သရုပ်ဆောင်မှုတွေအထိ သရုပ်ဆောင်ခဲ့သူတယောက် ဖြစ်ပါတယ်။
လတ်တလောရိုက်ကူးမယ့် ရုပ်ရှင်ကလည်း စွန့်စားမှုအက်ရှင်အမျိုးအစား ရုပ်ရှင် ဖြစ်လာမှာဖြစ်ပြီး ဒါဟာ ‘Mission: Impossible’ ရုပ်ရှင်ကားတွေနဲ့တော့ ချိတ်ဆက်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
ဒီပရောဂျက်ဟာ ကနဉီးအဆင့်မှာပဲ ရှိနေသေးတာမို့ လက်ရှိအချိန်ထိ ဘယ်စတူဒီယိုနဲ့မှလည်း ချိတ်ဆက်ထားတာမျိုး မရှိသေးပါဘူး။
ရွှေကမ္ဘာလုံးဆု ၃ ဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့တဲ့ တွမ်ခရုစ် ပရိသတ်တွေအတွက်တော့ ဒီသတင်းက ထပ်မံစောင့်ကြည့်ရဦးမယ့် ရုပ်ရှင်ဖြစ်လာနေတာပါ။
အခုနှစ်ထဲမှာတော့ Top Gun: Maverick ရုပ်ရှင်ကားထဲမှာ တွမ်ခရုစ်ကို ကပ္ပတိန် Pete Mitchell အနေနဲ့ ရှုစားကြရမှာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ကြော်ငြာထားပါတယ်။
12 months Ago