တွန်မ်အန်ဒရူးစ်

April 20, 2021

“တပ်မတော်လို့တောင် ခေါ်ရခက်ပါတယ်။ ဒုစရိုက်ရာဇဝတ်သားတွေနဲ့ ပိုတူနေတယ်။” - ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန်မ်အန်ဒရူးစ်

မြန်မာစစ်အစိုးရဟာ သတင်းအမှန်တွေထွက်ပေါ်မလာနိုင်အောင် ပိုပြီးပိတ်ဆို့ဖို့ ကြိုးစားနေဟု ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပြော

အင်တာဗျူး - ပထမပိုင်း 

သတင်းမီဒီယာတွေကို နှိပ်ကွပ်နေတာတွေ သတင်းစီးဆင်းမှုကို နှောင့်ယှက်တားဆီးဖို့ အင်တာနက်ဖြတ်တောက်နေတာတွေဟာ အလုပ်မဖြစ်ဘူး။ စစ်အာဏာရှင်တွေ ဝါဒဖြန့်ချိနေသလို ဆန္ဒပြသူတွေကို သက်ညှာစွာနှိမ်နင်းနေတယ် ဆိုတာတွေကိုလည်း ကမ္ဘာကြီးက အယုံအကြည်မရှိပါဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တွန်မ်အန်ဒရူးစ်က ပြောပါတယ်။ 

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဖယ်ရှားပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူပေါင်း ၇၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပါပြီ။ ထောင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။ ၃၀၀၀ ကျော်လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ 

UNESCO ထုတ်ပြန်ချက်အရ အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ သတင်းထောက် ၇၀ ကျော်ပါဝင်ပြီး ထက်ဝက်ကျော်ဟာ မလွတ်မြောက်သေးပါဘူး။ သတင်းထောက်ပေါင်း ၂၄ ယောက်လောက်ဟာ သတင်းမှားတွေ ဖြန့်ချိတယ်ဆိုပြီး တရားစွဲဆိုခံနေကြရပါတယ်။ 

စစ်အစိုးရဟာ မြန်မာပြည်တွင်းက သတင်းမှန်တွေ ထွက်ပေါ်မလာနိုင်အောင် နိုင်ငံတကာက အမှန်တရားကို သိရှိခွင့်မရနိုင်အောင် ပိုမိုတင်းကြပ် နှိပ်ကွပ်လာနေတယ်လို့ တွန်မ်အန်ဒရူးစ် ပြောပါတယ်။ စစ်အာဏာရှင်တွေက လုပ်ကြံဇာတ်လမ်းတွေပြောနေပါတယ်။ အကြမ်းဖက် ဆူပူသူတွေကို အသက်ညှာဆုံး တုန့်ပြန်နေတယ်လို့ ပြောဆိုနေကြပေမယ့် ကျနော်တို့ အဲဒီလိုမျိုး မြင်တွေ့နေရတာ မဟုတ်ပါဘူး။   

တကယ်တမ်းကျနော်တို့ တွေ့နေရတာကတော့ ပိုပြီးအကြမ်းဖက်လာတယ်။ စစ်တပ်ဟာ ပိုရက်စက်လာတယ်။ လမ်းမတွေပေါ်မှာ ပိတ်ဆို့ကာကွယ်မှုတွေ လုပ်ကြပေမယ့် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာတွေ မြင်တွေ့ရပါတယ်။ သတင်းအမှန်တွေထွက်ပေါ်လာနေပြီး ထိတ်လန့်စရာအမှန်တရားတွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ ပြဿနာကို နိုင်ငံတကာက ဖြေရှင်းနေကြပုံအကြောင်းနဲ့ သွေးထွက်သံယိုအဖြစ်အပျက်တွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာက ဘာလုပ်နိုင်မလဲဆိုတာတွေကို ကုလသမဂ္ဂသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွန်မ်အန်ဒရူးစ်က ပြောပြထားပါတယ်။ 

မေးမြန်းချက်

UN News: မြန်မာနိုင်ငံတွင်းက သတင်းအချက်အလက်ရရှိနိုင်ဖို့ ပိုပြီးခက်ခဲလာနေလောက်ပါတယ်။ ဒါပေမဲ့ ခုချိန်ထိ သိထားရသလောက် မြန်မာပြည်တွင်း အခြေအနေက ဘယ်လိုရှိနေမလဲ။  

Special Reporteur: ဟုတ်ပါတယ်။ သတင်းအချက်အလက်တွေ မြန်မာပြည်အပြင်မထွက်နိုင်အောင် စစ်အစိုးရက အကြီးအကျယ် ပိတ်ဆို့နေပါတယ်။ ဖုန်းအင်တာနက် ဖြတ်ရုံတင်မကဘူး။ ဝိုင်ဖိုင်လိုင်းတွေလည်း ဖြတ်ထားတယ်။ သိရသလောက် မီဒီယာသမား ၆၄ ယောက်မက ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။

မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေမှန်ကို ကမ္ဘာကမသိအောင် ပိတ်ဆို့တားဆီးတာတွေ ပိုဆိုးလာနေတယ်။ဒါပေမဲ့ မြန်မာပြည်တွင်းမှာ အခြေအနေ ပိုဆိုးရွားလာနေတာကို ကျနော်တို့ သိနေပါတယ်။ လူ ၇၀၀ မက သေဆုံးခဲ့ပြီ၊ ၃၀၀၀ ကျော်လောက်ကို လက်လွတ်စပယ်ဖမ်းထားတယ်၊ ကလေးငယ် ၄၆ ယောက်လောက် အသတ်ဖြတ်ခံခဲ့ရတယ်။ 

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ပိုဆိုးရွားလာတယ်။ လက်နက်မဲ့ အကြမ်းမဖက်ဆန္ဒပြသူတွေကို စစ်လက်နက်တွေနဲ့ စစ်ဆင်နေတဲ့နေရာမှာ သူတို့သုံးတဲ့ စစ်ပရိယာယ်တွေကလည်း ပိုပြီးထိတ်လန့်စရာ ဖြစ်လာပါတယ်။ ကျနော်တို့ စောင့်ကြည့်နေရတာမှာ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးကတော့ ဆန္ဒပြပြည်သူတွေကို တည့်တည့်ချိန်ပစ်ဖို့ စစ်အစိုးရက ပစ်မိန့်ပေးထားတာတင်မကပါဘူး။ ခေါင်းကိုချိန်ပစ်နေကြတာပါ။ စစ်အစိုးရ ရုပ်မြင်သံကြားကနေ လူငယ်တွေရဲ့ ခေါင်း ကိုချိန်ပစ်ခံရလိမ့်မယ်လို့တောင် ခြိမ်းခြောက်လိုက်ပါသေးတယ်။

မြန်မာပြည်အနှံ့အပြား လူနေရပ်ကွက်တွေမှာ ရက်ရက်စက်စက်ဖြိုခွင်းနှိမ်နင်းပြီး လူတွေကြောက်လန့်နေစေဖို့ ပစ္စည်းတွေဖျက်ဆီးလူတွေဖမ်းဖို့ မဲမဲမြင်ရာပစ်ခတ်သတ်ဖြတ်ဖို့ လူနေအိမ်တွေထဲထိပစ်ခတ်ဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်ဆိုတာ သိထားပါတယ်။ အကြောက်တရားဖြစ်စေဖို့ ဗျူဟာကြောင့်ပဲ ကလေးငယ်တွေပါမကျန် ပစ်ခတ်သတ်ဖြတ်နေတယ်ဆိုတာလည်း ကျနော်တို့သိပါတယ်။ အခြေအနေကတော့ ဆိုးပြီးရင်း ဆိုးလာရင်းပါ။ စစ်တပ်ရဲ့ နည်းဗျူဟာတွေက ပိုပိုပြီး ရက်စက်ကြမ်းကြုတ်လာတယ်။ သူတို့ဘယ်လောက် ပိတ်ပိတ် အမှန်တရားက ပေါ်ပေါက်လာတာပါပဲ။ ထိတ်လန့်စရာကောင်းတဲ့ အမှန်တရားပါ။  

UN News: လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုအပေါ် ဘယ်လို သတ်မှတ်နိုင်မလဲ။ 

Special Rapporteur: နိုင်ငံတကာအသိုက်အဝန်းကြားမှာ  စိုးရိမ်စိတ်တွေ ခိုင်ခိုင်မာမာရှိကြပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကြားသိရတဲ့သူ အတော်များများဟာ စိုးရိမ်ခြောက်ခြားနေကြတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လည်း ၃ ကြိမ်တွေ့ဆုံပြီး စိုးရိမ်မှုတွေကို ထုတ်ဖေါ်ခဲ့ကြပါတယ်။ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာလည်း မြန်မာနိုင်ငံ အရေးသက်သက်ကို သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း မြန်မာနိုင်ငံ အရေးကို တင်ပြခဲ့ကြပါတယ်။ ကုလသမဂ္ဂ ရူထောင့်ပေါင်းစုံကနေ မြန်မာနိုင်ငံအရေးကို တရားဝင် ဆွေးနွေးပြောဆိုမှုတွေ ရှိပါတယ်။  

တချို့နိုင်ငံတွေဆိုရင် စိုးရိမ်ကြောင်းထုတ်ဖေါ် ပြောဆိုရုံသာမက အရေးယူဆောင်ရွက်မှုတွေလည်း လုပ်လာကြပါတယ်။ အရေးယူပိတ်ဆို့မှုတွေ လက်နက်ရောင်းဝယ်မှု ကန့်သတ်တာတွေ အတော်များများ ချမှတ်ခဲ့ကြပါတယ်။ အရေးယူပိတ်ဆို့မှုတွေ ပိတ်ဆို့ကန့်သတ်မှုပမာဏတွေလည်း တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ နိုင်ငံပေါင်းအတော်များများကလည်း နောက်ထပ် အရေးယူပိတ်ဆို့မှုတွေထပ်လုပ်ဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။ 

လူတွေ ထိတ်လန့်နေကြရတယ်။ ခုချိန်ထိ မြန်မာစစ်အစိုးရကို အရေးယူနေတာတွေက မလုံလောက်သေးဘူး။ သွေးပျက်စရာတွေ နေ့တိုင်းဆက်လက်ဖြစ်ပေါ်နေတာကို ကြည့်ရင် တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်နေတဲ့ အခြေအနေကို အခုလောက် အရေးယူထားတာက မမီသေးဘူး။ ဒါကို တုံပြန်နိုင်ဖို့ ပိုပြီးထိထိရောက်ရောက် လုပ်ရပါမယ်။  

UN News: မြန်မာစစ်အစိုးရအပေါ် အရေးယူဆောင်ရွက်တာ တချို့ကို ပြောပြပါ။ နိုင်ငံတကာအသိအမှတ်ပြုခံရမှုအနေနဲ့ရော သူတို့မှာ တခုခု ရခဲ့ပြီလား။

Special Rapporteur: ဘာမှ မရထားတာ သေချာပါတယ်။ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေမယ်လို့ ထင်ပါတယ်။ ဒါဟာ တပ်မတော်တခုဟုတ်ရဲ့လားလို့တောင် စဉ်းစားရခက်ပါတယ်။ ကျနော်ဟာ အမေရိကန် ပြည်ထောင်စု လွှတ်တော်ရဲ့ လက်နက်ကိုင် ဝန်ထမ်း ကော်မီတီမှာ တာဝန်ထမ်းဆောင်ဖူးပါတယ်။ ကျနော်တို့တာဝန်က စစ်တပ်တာဝန်ပါ။ စစ်တပ်တခုဟာ ပြည်သူလူထုနဲ့ တိုင်းပြည်တခုကို ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူရတာပါ။ ဒါဟာ စစ်တပ်အလုပ်ပါ။ 

မြန်မာစစ်တပ်ကတော့ လုံးဝ ဆန့်ကျင်ဘက်တွေလုပ်နေတာပါ။ လူထုကို ကာကွယ်ရမယ့်အစား လူထုကို တိုက်ခိုက်နေတယ်။ တပ်မတော်လို့တောင် ခေါ်ရခက်ပါတယ်။ ဒုစရိုက် ရာဇဝတ်သားတွေနဲ့ ပိုတူနေတယ်။ နိုင်ငံခေါင်းဆောင်တွေကို တရားမဝင် ပြန်ပေးဆွဲတယ်။ တရားမဝင် အာဏာလုယူတယ်။ သူတို့ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သူတို့ပဲချိုးဖေါက်တယ်။ ပြည်သူလူထုအပေါ် အကြမ်းဖက်ရက်စက်တယ်။ တကမ္ဘာလုံးကလည်း တုံ့ပြန်မှုအဆင့်အမျိုးမျိုး စိုးရိမ်ပူပန်မှုအဆင့်အမျိုးမျိုး ပြသခဲ့ကြတယ်။ တရုတ်နိုင်ငံဟာလည်း မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေအပေါ် စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ်ဖေါ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေဟာ တရုတ်နိုင်ငံက ဖြစ်စေချင်တာမဟုတ်ကြောင်းလည်း ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။ အာရှဒေသတွင်းတခုလုံးမှာလည်း စိုးရိမ်ပူပင်နေကြတာတွေ ထုတ်ဖေါ်ပြောဆိုလာကြတယ်။

စစ်ကောင်စီဟာ ကျရှုံးနေတာ သေချာပါတယ်။ သူတို့က ရက်ရက်စက်စက်လုပ်လေလေ သူတို့ပဲ ကျရှုံးလေလေ၊ နိုင်ငံတကာအမြင်မှာ သူတို့ရဲ့ တရားမဝင်မှုဟာ ပိုမိုထင်ရှားလာလေလေပါပဲ။ အရေးယူပိတ်ဆို့တာတွေလည်း များနေပါပြီ။ ဥရောပ သမဂ္ဂက စစ်အစိုးရကို အရေးယူ ပိတ်ဆို့ထားတယ်။ ထပ်မံတိုးမြှင့်လာတယ်။ အမေရိကန်အစိုးရဟာလည်း အရေးယူပိတ်ဆို့တာတွေ တိုးချဲ့ကြေညာခဲ့တာ ၃ ကြိမ်ရှိပါပြီ။ အရေးယူပိတ်ဆို့တာတွေက နည်းလမ်းမျိုးစုံ ဖြစ်လာပါတယ်။ ကြမ်းကြုတ်ရက်စက်မှုတွေမှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူတာတွေရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေကို ပစ်မှတ်ထားရုံသာမက စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေနဲ့ စီးပွားရေးအကျိုးအမြတ်ရှိရာနေရာတွေထိပါ ပိတ်ဆို့လာပါတယ်။ ထပ်ပြီး တိုးမြှင့်လာပါတယ်။ UKကလည်း အရေးယူပိတ်ဆို့မှုတွေကို ထပ်တိုးမြှင့်လာပါတယ်။ ထပ်မံပိတ်ဆို့ တိုးမြှင့်အရေးယူဖို့ စဉ်းစားနေတဲ့ နိုင်ငံတွေလည်း အတော်များများရှိနေတာ သိရပါတယ်။ 

UN News: စစ်ကောင်စီ ဒုတိယအကြီးအကဲက သူတို့အနေနဲ့  အရင်ကလည်း ရင်ဆိုင်ခဲ့ဖူးလို့ အရေးယူပိတ်ဆို့မှုတွေကို မကြောက်ဘူး သီးခြားအဆက်ဖြတ်ခံရဖို့လဲ မကြောက်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ကို ပြောဆိုထားတာ ရှိပါတယ်။ ဆိုတော့ နိုင်ငံတကာအသိုက်အဝန်းအတွက် လက်တွေ့မြေပြင်မှာ တကယ်အလုပ်ဖြစ်မယ့်နည်းလမ်း ဘာများကျန်ဦးမလဲ။ 

Special Rapporteur: သူတို့ဘာပြောပြော မယုံတာနဲ့ပဲ စလိုက်ရအောင်။ စစ်အစိုးရကတော့ အရေးယူပိတ်ဆို့တာတွေ အလုပ်မဖြစ်ဘူး။ နိုင်ငံတကာက အဆက်ဖြတ်တာတွေလဲ ဂရုမစိုက်ဘူး ဆိုတာတွေ အမြဲပြောလေ့ရှိတယ် ထပ်ပြောနေလိမ့်ဦးမယ်။ အဲဒါက အသစ်မဟုတ်တော့ဘူး။ သူတို့ပြောသလိုမဟုတ်ဘူးဆိုတာလည်း ကျနော်တို့ သိနေကြတယ်။

အခုစစ်အာဏာသိမ်းမှုကြောင့် ဖယ်ရှားခံလိုက်ရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာလည်း စစ်အစိုးရခေါင်းဆောင်တွေက တနေ့မှာနောင်တတွေရပြီး ငါတို့မှားခဲ့ပြီ လူ့အခွင့်အရေးကို လေးစားသင့်ပြီ၊ ခေါင်းဆောင်တွေ တာဝန်ခံနိုင်ဖို့ လူထုကို အခွင့်အရေးပေးသင့်ပြီဆိုပြီး ဖြစ်ပေါ်လာမှာ မဟုတ်မှန်း ကျနော်တို့ သိပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာတာကိုက အတိအကျပြောရရင် အရေးယူပိတ်ဆို့မှုတွေကြောင့်ပါ။ စစ်အစိုးရခေါင်းဆောင်တွေက နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာတွေက တကယ်ဖြစ်ခဲ့တဲ့အချက်ပါ။ 

ဒါကြောင့် အရေးယူပိတ်ဆို့မှုတွေ ထိရောက်ခဲ့တာကို ကျနော်တို့ သိပါတယ်။ ကန့်သတ်ပိတ်ဆို့မှုတွေက သူတို့ကို ထိခိုက်စေလို့ ပြုပြင်ပြောင်းလဲမူတွေလုပ်ခဲ့ရတယ်ဆိုတာ ကျနော်တို့ သိတယ်။ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါလို့ စစ်အစိုးရကတော့ အမြဲပြောနေလိမ့်မယ်။ ဘာမှ အံဩစရာအကြောင်းမရှိဘူး။   

ဆိုတော့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဘာတွေလုပ်နိုင်ဦးမလဲဆိုရင် ပထမဆုံးက အချင်းချင်းညှိနှိုင်းရမယ်။ စစ်အစိုးရကို အတတ်နိုင်ဆုံး တညီတညွတ်ထဲ တုံ့ပြန်နိုင်တဲ့ အခြေအနေရရှိအောင် သံတမန်ရေးရာ ဆွေးနွေးတိုင်ပင်မှုတွေ ဆက်လုပ်နေဖို့လိုမယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေကို အားလုံးက စိုးရိမ်ကြတယ်ဆိုပေမယ့် နိုင်ငံတွေအားလုံးက နည်းလမ်းတခုတည်း  လမ်းကြောင်းတခုတည်းကို လုပ်ဆောင်ချင်နေကြမှာမ ဟုတ်ဘူးဆိုတာလည်း နားလည်ထားဖို့လိုပါတယ်။

မြန်မာနိုင်ငံက တုန်လှုပ်စရာ အခြေအနေတွေအပေါ် တခုခုအရေးယူဆောင်ရွက်ရမယ်ဆိုတဲ့ နိုင်ငံတွေအနေနဲ့လည်း သာမန်ပိတ်ဆို့အရေးယူတာတွေထက် အားလုံးညှိနှိုင်း ပိတ်ဆို့အရေးယူတာတွေကို စဉ်းစားဖို့လိုအပ်ပါတယ်။ မတူညီတဲ့ အရေးယူပိတ်ဆို့မှုမျိုးစုံကို တခဲနက်ချမှတ်ရပါမယ်။ ဖြစ်နိုင်သမျှနည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်ပြီး ချိတ်ဆက်ဆောင်ရွက်ပြီးတော့ စစ်အစိုးရအပေါ် တစုတစည်းထဲ သက်ရောက်မှုအမြင့်ဆုံးရရှိနိုင်ဖို့ အတူလက်တွဲ အလုပ်လုပ်ကြရပါမယ်။ 

တချို့က လက်နက်ရောင်းဝယ်မှုကို ကန့်သတ်မယ်၊ စစ်အစိုးရဝင်ငွေကို ဖြတ်တောက်နိုင်မယ့် နည်းလမ်းမှန်သမျှကို နည်းပညာပေါင်းစုံသုံးပြီးတော့ စောင့်ကြည့်ဖြတ်တောက်ပစ်ရမယ်၊ ညှိနှိုင်းပိတ်ဆို့ ကန့်သတ်အရေးယူတာတွေကတဆင့် စစ်အစိုးရ ရက်စက်ကြမ်းကြုတ်မှုတွေကို ပံ့ပိုးကူညီစေတာတွေမှန်သမျှကို ရပ်ဆိုင်းပစ်ရမယ်။ 

အဲဒါတွေကို ကုလလုံခြုံရေးကောင်စီက လုပ်ဆောင်နိုင်သင့်ပါတယ်။ ရက်စက်ကြမ်းကြုတ်မူတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ထံကို ပို့ဆောင်နိုင်သင့်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ တညီတညွတ်ထဲမရှိဘူး။ ဘယ်လိုအရေးယူ ဆောင်ရွက်မှုမဆို ဗီတိုအာဏာနဲ့ ကန့်ကွက်ခံရနိုင်လို့ အဲဒီလို လုံခြုံရေးကောင်စီကတဆင့် အရေးယူမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ပြောနေကြပါတယ်။     

အဲဒီလိုပြောနေကြတာတွေက ဟုတ်ချင်လဲဟုတ်ပါလိမ့်မယ်။ ကျနော်မသိဘူး။ ဘာလို့ဆိုတော့ ကျနော်တို့ မကြိုးစားကြည့်ရသေးဘူး။ ဆွေးနွေး ငြင်းခုံ စဉ်းစား မဲခွဲထားတဲ့ ဆုံးဖြတ်ချက်မျိုး လုံခြုံရေးကောင်စီမှာ ဖြစ်မလာသေးဘူး။ လုံခြုံရေးကောင်စီမှာ အရေးယူဆောင်ရွက်ဖို့ အကြောင်းတခုခုကြောင့် သဘောမတူတဲ့နိုင်ငံတွေ ရှိနိုင်ပါတယ်။ ဗီတိုအာဏာသုံးပြီး ကန့်ကွက်နိုင်ပါတယ်။ ဘာအကြောင်းကြောင့် ဒီလိုကန့်ကွက်ရပါတယ်ဆိုတာလည်း တကမ္ဘာကို ချပြနိုင်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး တနိုင်ငံထဲသာမက ဒေသတွင်း တခုလုံးကိုပါ ဂယက်ရိုက်ခတ်နိုင်တဲ့ အကျပ်အတည်းမျိုးကို စေ့စပ်ညှိနှိုင်းဖို့ဆိုတာ လုံခြုံရေးကောင်စီရဲ့ တာဝန်ပဲ။ မြန်မာနိုင်ငံ အရေးဟာ ဒေသတွင်းကိုပါ ပေါက်ကွဲရိုက်ခတ်စေတော့မယ့် လူသားဖြစ်တည်မှုပြဿနာ တခုပါ။ အကြီးအကျယ် ဖြစ်ပျက်လာနိုင်တဲ့ အခြေအနေတခုပါ။ လုံခြုံရေးကောင်စီဆိုတာလည်း ဒီအတွက်ပဲ ဖွဲ့စည်းတည်ထောင်ခဲ့ကြတာပဲ။ ဒါကြောင့် အဲဒီမှာ ငြင်းခုံဆွေးနွေးပြီး အရေးယူဆောင်ရွက်ဖို့ စဉ်းစားတာက သင့်လျော်မယ့်ပုံရှိပါတယ်။   

UN News:  နိုင်ငံတခုခုက တဘက်သတ်အရေးယူပိတ်ဆို့မှုကို နိုင်ငံအတော်များများက မထောက်ခံဘူးလို့ဆိုကြတယ်။ အဲဒီလိုအပြုမူတွေက စစ်အစိုးရ ပိုပြီးရက်စက်ကြမ်းကြုတ်လာ အောင်တွန်းအားပေးသလိုဖြစ်လာရင် အခြေအနေပိုဆိုးရွားလိမ့်မယ်လို့ ပြောတာတွေရှိပါတယ်။ အဲဒီအပေါ် မှတ်ချက်ပေးချင်မလား။ 

Special Rapporteur:  နိုင်ငံတခုတည်းက အရေးယူပိတ်ဆို့တာထက်စာရင် နိုင်ငံစုံက စုပေါင်းပိတ်ဆို့ အရေးယူတာကို ပိုသဘောကျပါတယ်။ နိုင်ငံပေါင်းစုံ အတူတကွညှိနှိုင်း အရေးယူကြဖို့ပဲ ကျနော်တိုက်တွန်းနေပါတယ်။ အရေးယူပိတ်ဆို့ရင် ပိုဆိုးလာမလားဆိုတဲ့ ယူဆချက်နဲ့ ပတ်သက်လို့ကတော့ ကျနော်ပြောခဲ့သလိုပဲ၊ သမိုင်းမှတ်တမ်းတွေအရ မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင်တွေကို ပိုကောင်းမွန်လာအောင် ပြုပြင်နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိခဲ့ဖူးပါတယ်။ 

စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြင့်လာတဲ့နောက် တစ်ယောက်တစ်မျိုးစီ မတူကွဲပြားစွာပိတ်ဆို့အရေးယူနေကြတာတွေနဲ့ အကန့်အသတ်ရှိတဲ့ အရေးယူဆောင်ရွက်မှုတွေ စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောဆိုနေကြတာတွေကို သိရပါတယ်။ 

ကျနော် အကောင်းဆုံးချေပနိုင်တာတော့ အတိတ်ကာလမှာ အလုပ်ဖြစ်ခဲ့တဲ့ နည်းတွေအသုံးချပြီး အခုချိန်မှာလည်း အလုပ်ဖြစ်နိုင်ပါတယ်။ ကမ္ဘာကြီးက ချမှတ်တဲ့ အကန့်အသတ်ရှိတဲ့ အရေးယူဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက် အကြမ်းဖက်နေတာတွေကို မလျော့ချနိုင်ဘူးဆိုတာ သိပါတယ်။ ကျနော့်အမြင်ကတော့ နိုင်ငံတကာအစိုးရတွေဟာ ညှိနှိုင်း ပူးပေါင်း ပိတ်ဆို့အရေးယူမှုတွေ အားကောင်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်ချက်တွေ ပိုမိုတိကျ ညီညွတ်တဲ့ အရေးယူပိတ်ဆို့မှုတွေ လက်နက်အရောင်းအဝယ်ကန့်သတ်မှုတွေ စဉ်းစားကြဖို့ ဆွေးနွေးချက်တွေ ရှိပါတယ်။

ကြိုးစားကြည့်သင့်တယ်။ အားထုတ်ကြည့်လို့ မမှားဘူးလို့ ယုံကြည်တယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေက ဆိုးပြီးရင်း ဆိုးလာနေတာ ကျနော်တို့သိနေတယ်။ အတိတ်မှာအလုပ်ဖြစ်ခဲ့တဲ့နည်းတွေကို ဘာကြောင့် အခုမကြိုးစားကြည့်ရမှာလဲ။ နိုင်ငံပေါင်းစုံကို အဲဒါပဲ ကျနော်တိုက်တွန်းနေတာပါ။ 

အင်တာဗျူး အပိုင်း  (၂) 

မြန်မာပြည်သူတွေနဲ့ ရပ်တည်ပေးပါ သူတို့ကို ကာကွယ်ပေးပါ 

စစ်တပ်ရဲ့  တိုက်ခိုက်မှုခံနေရတဲ့ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိပါတယ်လို့ ကုလလူအခွင့်အရေး ကိုယ်စားလှယ်က  ပြောဆိုလိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရသူတွေကိုလည်း ခိုလှုံခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

R2P ကာကွယ်ပေးရမယ့် ဝတ္တရားဟာ ဒုက္ခသည် အခက်အခဲတွေအတွက် ပြင်ဆင်ဖို့ အဓိပ္ပာယ်ဖြစ်ပါတယ်။မြန်မာနိုင်ငံအခြေအနေဟာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ဒုက္ခသည်တွေကို ကူညီဖို့ မလွဲမသွေလိုအပ်လာပါလိမ့်မယ်။ မြန်မာ့အိမ်နီးချင်း နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့နေရာက ပြေးလွှားတိမ်းရှောင်နေရတဲ့သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးပြီ  အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်တဲ့အကြောင်း ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း နယ်စပ်ဖြတ်ကျော်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို ပံ့ပိုးကူညီပေးသင့်မယ်လို့ထင်ပါတယ်။ အဲဒါဟာ R2P လို့ခေါ်တဲ့ ကာကွယ်ပေးရမယ့် ဝတ္တရားအရ ချဉ်းကပ်ပုံဖြစ်ပါတယ်လို့ ဆိုပါတယ်။

မေးမြန်းချက်     

UN News: မြန်မာနိုင်ငံသားတွေအနေနဲ့ R2P နိုင်ငံတကာက အကာအကွယ်ပေးဖို့ တောင်းဆိုနေကြတာတွေ အတော်များများ ရှိနေပါတယ်။ လက်ရှိအခြေအနေအရ R2P ဝင်ရောက်နိုင်မယ့် အလားအလာနဲ့ပတ်သက်လို့ ဘယ်လိုယူဆပါသလဲ။  သိပ်ပြင်းထန်လွန်းနေမလား။ လက်တွေ့ကျကျဖြစ်ပါ့မလား။

Special Rapporteur: မဟုတ်ပါဘူး။ တော်တော် အကျိုးကြောင်းသင့်လျော်ပါတယ်။ ပထမဆုံးအနေနဲ့ နိုင်ငံတခုခုဟာ သူ့ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဝတ္တရားရှိတာက သိပ်ရှင်းလင်းပါတယ်။ ဒါပေမဲ့ တခါတလေမှာ နိုင်ငံတွေဟာ သူ့ပြည်သူလူထုကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိကြဘူးဆိုတာ သိနားလည်ရပါမယ်။ နိုင်ငံတွေဟာ သူ့ပြည်သူလူထုကို အကာအကွယ်ပေးမနေဘူးဆိုတဲ့ အခြေအနေတွေ ရှိပါတယ်။ ခုအခြေအနေကတော့ နိုင်ငံတခုဟာ သူ့ပြည်သူလူထုကို ပြန်ပြီးတိုက်ခိုက်နေတဲ့ အခြေအနေပါ။ 

R2P ( the responsibility to protect) ရဲ့ ဆိုလိုချက်အရ နိုင်ငံတွေဟာ သူ့ပြည်သူလူထုကို တိုက်ခိုက်နေရင် သူ့ပြည်သူလူထုကို မကာကွယ်ပေးနိုင်ရင် မကာကွယ်ပေးချင်ရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အပြစ်မဲ့အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိနေပါတယ်။

ခုအခြေအနေက ကျနော်တို့အနေနဲ့ ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ရှိနေတာ အတိအကျပါပဲ။ R2P ဟာ လုံးဝ သင့်လျော်ပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၇ အရဆိုရင် ကုလလုံခြုံရေးကောင်စီဟာ စစ်အင်အားသုံးနိုင်ပါတယ်။ ခုလို အရေးပေါ်အခြေအနေမျိုးမှာ သုံးစွဲဖို့ လုံခြုံရေးကောင်စီ တည်ရှိနေရခြင်းရဲ့ အကြောင်းတခုပါ။ ဒီမှာ မေးစရာ ဖြစ်လာပါတယ်။ ဘာလုပ်ကြမလဲ။ ဘယ်လိုလုပ်ကြမလဲ။ ဘယ်နည်းလမ်းက အကောင်းဆုံးလဲ။ တချို့လူတွေ အကြီးအကျယ် ယုံကြည်နေကြတာက R2P ဆိုတာ စစ်ရေးအရဖြေရှင်းမှု ဖြစ်နေပါတယ်။ ဒီလိုမဆိုလိုပါဘူး။ စစ်ရေးအရ ဖြေရှင်းမှုဟာ နည်းလမ်းတွေထဲက တခုမျှသာဖြစ်တယ်။ တကယ့် R2P အပြည့်မဟုတ်ဘူး။ 

R2P ဆိုလိုတာက အကောင်းဆုံးနည်းလမ်းနဲ့ အကာအကွယ်ပေးဖို့သာ ဖြစ်ပါတယ်။ အတိုင်းအတာမျိုးစုံနဲ့ နည်းလမ်းပေါင်းမျိုးစုံကို ရှာဖွေဖို့လိုပါတယ်။ စစ်အစိုးရအပေါ်မှာ အကြီးမားဆုံးထိခိုက်ရမယ်၊ ပြည်သူလူထုအပေါ်မှာ ဆိုးကျိုးထိခိုက်မှု အနည်းဆုံးဖြစ်ရမယ်။ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးရမယ်။ အားနာပါတယ်။ စစ်ရေးအရ ဖြေရှင်းမှု ဘယ်လိုနည်းမဆို အသက်ပေါင်းများစွာ သေကြေပျက်စီးကြရလိမ့်မယ်။ 

ကျနော်ထင်တာကတော့ စစ်ကောင်စီဟာ လက်နက်စွဲကိုင်ထားတဲ့ ရန်သူကို တိုက်ခိုက်နှိမ်နင်းဖို့ လေ့ကျင့်သင်ကြားထားတာပါ။ အဲဒါသူတို့ရဲ့ လေ့ကျင့်ခန်းပါ။ သူတို့မှာ ကြီးမားတဲ့စစ်တပ်အင်အားရှိတယ်။ စစ်လက်နက်ပစ္စည်းတွေ အခိုင်အမာရှိတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို ကိုင်စွဲထားတဲ့ အတိုက်အခံတွေကိုတော့ သူတို့ ဖြေရှင်းနိုင်စွမ်းမရှိတာကို ပြသနေတယ်။

စစ်တပ်ပိုင်စီးပွားရေးတွေကို သပိတ်မှောက်တာတွေ CDM လှုပ်ရှားမူတွေအပါအဝင် သိပ်အားကောင်းတဲ့ တီထွင်ဆန်းသစ်တဲ့ ကျားကုတ်ကျားခဲခိုင်မာတဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို တနိုင်ငံလုံးမှာတွေ့နေကြရပါတယ်။ အဲဒီလှုပ်ရှားမူတွေဟာ အစွမ်းကုန် အင်အားကြီးမားလွန်းလို့ တကမ္ဘာလုံးကနေ မြန်မာပြည်သူတွေကို အကြီးအကျယ်လေးစားကြ နှစ်ထောင်းအားရဖြစ်ကြရပါတယ်။

ဒါပေမဲ့ ဒီ CDM လှုပ်ရှားမူကနေ စစ်ရေးအရ ထိပ်တိုက်တွေ့တဲ့ အခြေအနေဖြစ်လာရင်တော့ မှားမယ်လို့ထင်ပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အခုကျနော်တို့ မြင်တွေ့နေရတာထက်တောင် ပိုမိုဆိုးရွားကြမ်းတမ်းလာနိုင်တယ်။ အပြစ်မဲ့ အရပ်သားတွေ အကြီးအကျယ် အသက်ဆုံးရှုံးရလိမ့်မယ်။ ဒီလိုမဖြစ်အောင် ရှောင်လွဲသင့်မယ်လို့ထင်ပါတယ်။

ကျနော်နားလည်ပေးနိုင်ပါတယ်။ ဥပမာဗျာ - စစ်တပ်က ကျနော့် ညီအစ်ကို သားသမီး ကျနော့်မိန်းမကို သတ်ဖြတ်သွားတယ်ဆိုရင် ကျနော်လည်း လက်တုံ့ပြန်ချင်မှာပဲ။ အလိုလျောက်လုပ်မိမှာပဲ။ မြန်မာပြည်သူတွေ ဘာကြောင့် ဒီလိုဖြစ်လာရတာလဲဆိုတာကို ကျနော်လုံးဝ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်မှာတော့ လက်နက်ကိုင်တော်လှန်ရေးဟာ မှားလိမ့်မယ်။ အကြီးအကျယ်မှားမယ်။ ဒီလိုမဖြစ်မလာပါစေနဲ့လို့လည်း မျှော်လင့်နေပါတယ်။  

UN News: ဆိုလိုတာက R2P ကိုထောက်ခံတယ်။ စစ်ရေးအရ ဖြေရှင်းတာကို မထောက်ခံဘူး ဟုတ်လား။ 

Special Rapporteur: ဟုတ်ပါတယ်။ အတိအကျပဲ။  

UN News: ဒါဆိုရင် R2P အရ ဘယ်လိုပုံစံမျိုးတွေ ရှိဦးမလဲ။

Special Rapporteur: ကျနော်တို့မြင်တာကတော့ ပိုပြီးပြတ်သားတဲ့ ပိုပြီးထိရောက်မယ့် နည်းလမ်းတွေပါ။ အရေးယူဆောင်ရွက်ချင်စိတ်ရှိတဲ့နိုင်ငံတွေ ဆုံညီတွေ့ဆုံစေချင်ပါတယ်။ ဒါမှ ဝိုင်းဝန်းအရေးယူတာတွေက အချိတ်အဆက်ရှိမယ် ပိုပြီးခိုင်မာမယ် ရှင်းလင်းမယ်။ အဲဒါအရေးကြီးပါတယ်။ 

သံတမန်ရေးနည်းအရ စစ်အစိုးရကို ဖယ်ထုတ်ပြီး CRPH ရယ် CDM လှုပ်ရှားမှုတွေအပြင် တိုက်ခိုက်ရေးမဟုတ်ဘဲ မြန်မာပြည်ကို အမှန်တကယ်ခုခံကာကွယ်နေသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်တာတွေ လိုအပ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အကြီးအကျယ် တိုးမြှင့်ပေးဖို့ လိုအပ်နေပါတယ်။ စစ်အစိုးရကတဆင့် ပေးအပ်ဖို့တော့ မဟုတ်ဘူး။ သူတို့ခိုးယူကြမှာသေချာတယ်။ မြေပြင်ပေါ်မှာရှိနေကြတဲ့ နိုင်ငံတကာ NGO တွေ အရပ်ဘက်အဖွဲ့အစည်း CSO တွေက တဆင့်ပဲ ပေးသင့်တယ်။ 

R2P ကာကွယ်ပေးရမယ့် ဝတ္တရားဟာ ဒုက္ခသည် အခက်အခဲတွေအတွက် ပြင်ဆင်ဖို့ အဓိပ္ပာယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေအနေဟာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ဒုက္ခသည်တွေကို ကူညီဖို့ မလွဲမသွေလိုအပ်လာပါလိမ့်မယ်။  ပြည်သူလူထုတွေ နယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်နေကြရတာ မြင်တွေ့နေရပါတယ်။

မြန်မာ့အိမ်နီးချင်း နယ်နိမိတ်ထိစပ်နေတဲ့နိုင်ငံတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့နေရာက ပြေးလွှားတိမ်းရှောင်နေရတဲ့သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးပြီး အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း နယ်စပ်ဖြတ်ကျော်ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။ အဲဒါဟာ R2P လို့ခေါ်တဲ့ ကာကွယ်ပေးရမယ့် ဝတ္တရားအရ ချဉ်းကပ်ပုံဖြစ်ပါတယ်။

UN News: မြန်မာနိုင်ငံမှာ ဘာတွေဆက်ဖြစ်လာမလဲ။ စစ်အစိုးရကပဲ ချုပ်ကိုင်သွားနိုင်မလား။ မြန်မာပြည်သူတွေကပဲ လမ််းမတွေပေါ်က တိုက်ပွဲတွေမှာအောင်ပွဲခံနိုင်မလား။ အဲဒီ၂ခုကြားက တခြားတခုခုဖြစ်နိုင်မလား။

Special Rapporteur: အဲဒီမေးခွန်းကတော့ ကောင်းလွန်းပါတယ်။ သိပ်ကောင်းတဲ့မေးခွန်းပါ။ ကျနော်က ဟောကိန်းထုတ်ရင် လွဲတတ်တယ်လို့ ဝန်ခံရပါမယ်။ မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က စစ်အာဏာသိမ်းလောက်လားလို့ လူတွေကမေးကြတယ်။ ကျနော်ခန့်မှန်းခဲ့တာက ဒါမဖြစ်နိုင်ဘူး။ ဒီဗိုလ်ချုပ်ကြီးတွေပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲထားတယ်။ သူတို့မှာ စည်းစိမ်ဥစ္စာ အာဏာတွေ အကြီးအကျယ်ရနေစေတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ဖျက်ဆီးပစ်မှာမဟုတ်ဘူးလို့ ဖြေခဲ့ပါတယ်။ ကျနော်ပြောတာကို ဒီလိုပဲ သဘောထားကြည့်ပါ။

စစ်အာဏာသိမ်းမှုဟာ မအောင်မြင်ခဲ့ဘူး။ စစ်ကောင်စီဟာ တနိုင်ငံလုံးကို  မချုပ်ကိုင်နိုင်ဘူး။ ထောင်သောင်းချီတဲ့ အစိုးရအမှုထမ်း အရာထမ်းတွေက သပိတ်မှောက်နေတယ်။ CDM လှုပ်ရှားမှုနဲ့  တနိုင်ငံလုံး ကန့်ကွက်ဆန္ဒပြနေကြတော့ စီးပွားရေးလည်း ပြိုကျပျက်စီးနေတယ်။ စစ်ကောင်စီကို ဆန့်ကျင်မှုတွေက  နက်ရှိုင်းကျယ်ပြန့်နေတယ်။ မြန်မာပြည်သူတွေ အသက်အရွယ်မျိုးစုံ တိုင်းရင်းသားမျိုးစုံ  လူမှုစီးပွား အလွှာမျိုးစုံ စစ်တပ်ကိုဆန့်ကျင်ရင်း တညီတညွတ်တည်း သွေးစည်းညီညွတ်မိလာကြတဲ့ နိုင်ငံတခုလို ကျနော်ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။

ပြီးတော့ ဦးဆောင်မှုပါ၊ မြန်မာနိုင်ငံက လှုပ်ရှားမှုမှာ  ရှေ့တန်းထွက်လာတဲ့ လူငယ်တွေဟာ သူတို့နိုင်ငံကို ကယ်တင်ဖို့ကြိုးစားလာကြတဲ့နေရာမှာ အံ့ဩလောက်စရာ သတ္တိတွေ တီထွင်ကြံဆတဲ့ ဆန်းသစ်တဲ့ ချဉ်းကပ်ပုံပေါင်းစုံတွေ ထုတ်ဖေါ်ပြသခဲ့ကြပါပြီ။

ပြည်သူတွေပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ အပြင်းအထန်ရှိနေပါတယ်။ အလင်းရောင်ပျပျမလာခင်မှာ မှောင်မိုက်မဲနေတဲ့ရက်တွေ ဖြတ်သန်းရပါအုံးမယ်။ စစ်အစိုးရဟာ မြန်မာပြည်မှာ ဘယ်လိုဂုဏ်သိက္ခာမှ မရှိတော့ပါဘူး။ 

စစ်ကောင်စီမှာရှိတာက လက်နက်တခုပဲ။ သူတို့မှာ ဒါပဲရှိမယ်။ ပြည်သူလူထုဟာ သူတို့ကို လူသတ် ဓါးပြတိုက် ရာဇဝတ်ဂိုဏ်းတခုလောက်ပဲ သဘောထားမယ်ထင်ပါတယ်။  စစ်တပ်ဟာ လူထုကို ပိုပိုပြီး အကြမ်းဖက်ခြောက်လှန့်ခြင်းအားဖြင့် အနည်းနဲ့အများ ထိန်းချုပ်နိုင်မလားလို့ မျှော်လင့်လိမ့်မယ်။ တကယ်တမ်းမှာတော့ ပြောင်းပြန်ပဲ ဖြစ်လိမ့်မယ်။ ပြည်သူလူထုဟာ ဒီလိုအဖြစ်မခံဖို့ ပိုပြီးဆုံးဖြတ်ချက်ခိုင်မာလာလိမ့်မယ်။

ဒါကြောင့်အရေးကြီးတာကတော့ ရှေ့ဆက်သွားဖို့ဆိုရင် မြန်မာပြည်တွင်းက ပြည်သူလူထုကို ထောက်ပံ့ကူညီနိုင်မယ့် ဘာမဆို လုပ်နိုင်တာမှန်သမျှ လုပ်ပေးရပါမယ်။  သူတို့နိုင်ငံကို ကာကွယ်ဖို့ ကြိုးစားနေကြတဲ့ မြန်မာ့မျိုးချစ်စစ်စစ်တွေနဲ့ တသားတည်း ရပ်တည်ဖို့ သူတို့ကို နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးကူညီနိုင်ဖို့လိုပါတယ်။

နံပါတ်တစ်၊ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတာတွေရပ်ဆိုင်းဖို့၊ နံပါတ် ၂၊ ထိန်းသိမ်းခံ ခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးခံအကျဉ်းသားတွေ လွတ်မြောက်ပြီး တရားမဝင်စစ်အစိုးရ ဖယ်ရှားဖို့ပါ။

မြန်မာပြည်သူတွေ ဖေါ်ပြခဲ့တဲ့ ရဲစွမ်းသတ္တိ သန္နိဋ္ဌာန်ခိုင်မာမှုကြောင့် မြန်မာပြည်သူတွေကို လေးစားကြည်ညိုမိတယ်လို့ ပြောပါရစေ။ မြန်မာပြည်သူတွေ အနိုင်ရမယ်လို့ ယုံကြည်တယ်။ ဒီပြဿနာ ပြေလည်သွားတဲ့ အချိန်ထိရောက်အောင် အမှောင်မိုက်ဆုံးနေ့တွေ ဖြတ်သန်းကြရပါဦးမယ်။

 UN News: ဒါဆို ယုံကြည်ချက်ရှိနေသေးတယ်လား။  

Special Rapporteur: ဟုတ်တယ်။ ယုံတယ်။ ယုံကြည်တယ်။

ကိုးကား ( https://news.un.org/ ဝက်ဆိုက်မှာ ဧပြီ ၁၆ ရက်နေ့က ဖော်ပြထားသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က တွန်မ်အန်ဒရူးစ်နှင့် မေးမြန်းချက်ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)

6 months Ago

February 17, 2021

မြန်မာတွင် အကြမ်းဖက်မှုများပေါ်ပေါက်လာမှာ စိုးရိမ်ထိတ်လန့်ဟု ကုလလူ့အခွင့်အရေး သံတမန်ပြော

မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့  စစ်တပ်တို့ ထိပ်တိုက်တွေ့ရင် အကြမ်းဖက်မယ့် အလားအလာအတွက် အင်မတန် စိုးရိမ်ထိတ်လန့်မိတယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးသံတမန် တွန်မ်အန်ဒရူးစ်က ပြောပါတယ်။

“ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က တိုင်းပြည်အာဏာကို တရားမဝင် သိမ်းပိုက်ပြီးတည်းက မြင်ဖူးသမျှ ထက်ပိုကြီးတဲ့ ပမာဏနဲ့ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မယ့် အလားအလာ ရှိနေလို့ ကျနော့်အနေနဲ့ ကြောက်ရွံ့ မိတယ်”လို့  အန်ဒရူးစ်က ပြောပါတယ်။

တခြားဒေသတွေကနေ ရန်ကုန်ကို စစ်သားတွေပို့ဆောင်တဲ့ အစီရင်ခံစာတွေ သူရထားတယ်လို့လည်း  အန်ဒရူးစ်က ပြောပါတယ်။

အရင်ကခုလို တပ်တွေရွှေ့ရင် သတ်ဖြတ် တာတွေ လူပျောက်တာတွေ ဖမ်းဆီးထိန်းသိမ်းတာတွေ အရေအတွက်အများကြီး ဖြစ်လေ့ရှိတယ်၊ မြန်မာပြည်သူတွေအပေါ် စစ်တပ်က ပိုကြီးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မယ့် ချောက်ကမ်းပါးပေါ်မှာ ကျနော်တို့ ရှိနေနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်အတွက် စီစဉ်ထားတဲ့  မြန်မာလူထုရဲ့ ဆန္ဒပြချီတက်ပွဲတွေကို အဖမ်းအဆီး အကြမ်းဖက်မှု မလုပ်ဘဲ ခွင့်ပြုရေး သိမ်းသွင်းစည်းရုံးဖို့ မြန်မာစစ်အာဏာပိုင်တွေအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ အစိုးရတွေနဲ့ လူတယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေ အားလုံးကိုလည်း အန်ဒရူးက အရေးပေါ် ဆော်သြချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအပေါ် စဉ်ဆက်မပြတ် ဖိနှိပ်နေတာတွေ ချက်ချင်း အဆုံးသတ်ရမယ် လို့လည်း သူက ဖိအားပေး ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ဘယ်လို ရက်စက် ကြမ်းကြုတ်မှုကို မဆို ရာထူးအဆင့်နဲ့ မဆိုင်ဘဲ အမိန့်ပေးသူ အစဉ်လိုက်ဟာ တာဝန်ခံရမယ် သူတို့ဟာ တိုက်ခိုက်ဖို့ အမိန့်ကို မနာခံဘဲ နေရမယ်လို့လည်း အန်ဒရူးစ်က ထပ်ပြီး အခိုင်အမာ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ သွေးစွန်းတာကို ရှောင်ဖို့ ကျင့်ဝတ်နဲ့ တာဝန်သိစိတ် အပေါ်ကိုချည်း အားကိုးလို့ မရဘူး၊ ဒါကြောင့် တရားလက်လွတ် ဖမ်းဆီးတာတွေနဲ့ အကြမ်းဖက်တာတွေ နောက်ထပ် မလုပ်အောင် စစ်အစိုးရကို ထိန်းချုပ်ဖို့ အားလုံးရဲ့ သြဇာနဲ့ တောင်းဆိုရေးဟာ မရှိမဖြစ် အရေးပါတယ်လို့ အင်ဒရူးစ်က ရှင်းပြပါတယ်။

မြန်မာအာဏာသိမ်း စစ်တပ်အပေါ် နိုင်ငံတကာ စီးပွားရေး လူ့အဖွဲ့အစည်းကလည်း ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ အထူးသံတမန်က ဆော်သြပါတယ်။

မြန်မာနိုင်ငံကအဓိက မြို့ကြီးတွေမှာ စစ်တပ်ချထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အာခံတဲ့အနေနဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင် ဆန္ဒပြသူတွေလည်း နိုင်ငံတဝန်းမှာ ကြီးထွားနေပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရကတော့ ခြေလျင်တပ်ရင်းတွေက စစ်သည်တွေကို အရင်အပတ်က စေလွှတ်ထားလို့  ရန်ကုန်မြို့ထဲမှာ  လက်နက်ကိုင်စစ်သားတွေကိုရော တင့်ကားတွေကိုပါ တွေ့နေရပါတယ်။

မြန်မာစစ်တပ်ဟာ လူထုဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ချေမှုန်းလေ့ရှိတဲ့  သမိုင်းရှိပြီး တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် လှုပ်ရှားမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုခဲ့တယ်လို့လည်း စွပ်စွဲ ခံထားရတယ်လို့ CNN သတင်းဌာနက ရေးပါတယ်။

ခြေလျင်တပ်ရင်းက စစ်သည်တွေကို တောနက်နဲ့ တောင်တန်းတွေပေါ်က တိုင်းရင်းသား သူပုန်တွေကိုတိုက်ဖို့ သင်ကြားလေ့ကျင့် ပေးထားတာ ဖြစ်ပြီး မြို့ထဲလမ်းတွေပေါ်မှာ လက်နက်တွေနဲ့ တွေ့ရတာဟာ စိုးရိမ်ရတဲ့ အကြောင်းရင်းပဲလို့ အကဲခတ်တွေက ပြောပါတယ်။

စစ်တပ်ဟာ မြို့ထဲ လမ်းတွေ ပေါ်မှာ အင်မတန် မြန်မြန် တပ်ချနိုင်တဲ့ တပ်အမျိုးအစားတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြပ်အတည်းနဲ့ ပဋိပက္ခရေးရာ သုတေသီ ရစ်ချတ် ဝီယာက ပြောပါတယ်။

ရန်ကုန်မှာ စစ်သည် အင်အား ဘယ်လောက်ကြီးကြီး တပ်ချထားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။  

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့  အာဏာဖီဆန်ရေးလှုပ်ရှားမှု တွေဟာ ဆယ်စုနှစ်တွေအတွင်း အကြီးဆုံး ဖြစ်လာပြီး သိန်းချီတဲ့ လူတွေက အရပ်သားအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ အာဏာကို အရပ်သား အစိုးရ ထိန်းချုပ်မှုအောက် ပြန်လွှဲပေးဖို့ တောင်းဆိုနေကြပါတယ်။ 

ကိုးကား- UN/CNN

8 months Ago
Up