တွဲကားမောင်းသူကို အမေရိကန်ရဲ ဖမ်းဆီး

June 10, 2017

ကားအမြောက်အမြားကို လိုက်တိုက်ခဲ့သည့် တွဲကားမောင်းသူကို အမေရိကန်ရဲ ဖမ်းဆီး

အမေရိကန် အထူးရာဇဝတ်မှု နှိမ်နင်းရေးတပ်ဖွဲ့ဟာ တက္ကဆက်ပြည်နယ် အာလင်တန်မြို့ရဲ့ အဓိကလမ်းမကြီး တခုပေါ်မှာ ဇွန်လ ၉ ရက်နေ့က ကားတွေ အများကြီးကို လိုက်တိုက်ခဲ့တဲ့ တွဲကား ခေါင်းတွဲ မောင်းနှင်သူ ယာဉ်မောင်းကို ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အဲဒီတွဲကား ခေါင်းတွဲဟာ ၁ နာရီ မိုင် ၁၀၀ နှုန်းထိ အရှိန်လွန် မောင်းနှင်ပြီး မြို့ပေါင်းများစွာကို ဖြတ်သန်းခဲ့တာကြောင့် အဲဒီကားကို သူ ဖြတ်သန်းခဲ့ရာ လမ်းတလျှောက် မြို့တွေက ရဲတွေက လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီယာဉ်မောင်းကို အထူးရာဇဝတ်မှု နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက ၁ နာရီကျော် ကြာအောင် လိုက်လံဖမ်းဆီးခဲ့ရပြီး ဖမ်းဆီးချိန်မှာ အထူးတပ်ဖွဲ့ဝင်တွေက အဲဒီကားကို သေနတ်နဲ့ ဝိုင်းချိန်ထားကြပါတယ်။ လမ်းပခုံးပေါ်မှာ ထိုးရပ်မသွားခင်ချိန်ထိ လမ်းတလျှောက်မှာ အဲဒီကားဟာ တခြားကား ၅ စီးလောက်ကို အနည်းဆုံးတိုက်မိခဲ့ပြီး အတိုက်ခံရတဲ့ ကားတစီး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။ မီးလောင်သွားတဲ့ ကားက ယာဉ်မောင်းဟာ ကားမှန်ကို ခွဲပြီး ထွက်လာနိုင်ခဲ့ပြီး စိုးရိမ်စရာ ဒဏ်ရာမရှိဘူးလို့ သိရပြီး အခုလို လိုက်လံဖမ်းဆီးခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ သိရပါတယ်။
4 years Ago
Up