တံမြက်စည်းနှင့်ရွယ်သည့် ဆရာမ ပြောင်းရွှေ့ပေးရန် ထိုင်းကျောင်းသားများ ဆန္ဒပြ

September 26, 2017

တံမြက်စည်းနှင့်ရွယ်သည့် ဆရာမ ပြောင်းရွှေ့ပေးရန် ထိုင်းကျောင်းသားများ ဆန္ဒပြ

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်က စာသင်ကျောင်းတကျောင်းမှာ ကျောင်းသားတွေကို တံမြက်စည်းနဲ့ရွယ်တဲ့ ဆရာမတဦးကို ပြောင်းရွှေ့ပေးဖို့ ကျောင်းသူကျောင်းသား ၅၀၀ ကျော်က စက်တင်ဘာ ၂၅ ရက်နေ့မှာ ဆန္ဒပြခဲ့တယ်လို့ အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ချွန်းဖွန်းခရိုင် ထာ့ရှဲ့မြို့ ရာ့ခ်ျပထန်းနုခေါ့ အထက်တန်းကျောင်းတကျောင်းက အင်္ဂလိပ်စာ သင်ကြားပြသနေသူ ဆရာမ ဂျာရုဝမ်း ဖိုတ်နစ် ဆိုသူမှာ ဆရာမဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ပြုမူနေထိုင်ခြင်း မရှိတဲ့အတွက် ပြောင်းရွှေ့ပေးဖို့ ကျောင်းသူကျောင်းသားပေါင်း ၅၄၀ ဦးက တူညီဝတ်စုံ၊ ဆိုင်းဘုတ်၊ ပိုစတာတွေကိုင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ ဆရာမ ဂျရုဝမ်းဟာ အပြောအဆို ယဉ်ကျေးမှုမရှိတာ၊ ကျောင်းသားတွေကို တံမြက်စည်းနဲ့ရွယ်တာ၊ စာသင်ခန်းထဲ အချိန်မှန်ရောက်လာခြင်းမရှိဘဲ ကျောင်းဆင်းချိန်မတိုင်ခင် အရင်ပြန်သွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်းသူကျောင်းသားတွေ ထမင်းစားနေတဲ့ဓာတ်ပုံကို သူ့ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကျောင်းသူကျောင်းသားတွေ ခွေးစာစားနေသည်လို့ ရေးတင်ပြီး နောက်ပြောင်တာတွေကြောင့် သူ့အပြုအမူတွေကို မကျေနပ်တဲ့အတွက် ကျောင်းသားအားလုံး စာသင်ခန်းထဲမဝင်ဘဲ အဲဒီဆရာမ နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တဦးက ပြောပါတယ်။ ကျောင်းသားတွေ ဆန္ဒပြတဲ့နေရာကို ဒု-ခရိုင်ဝန်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရောက်ရှိလာပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမတွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းအုပ်ဆရာမကြီးက ဒီကျောင်းဟာ လူမှုဝန်ထမ်းဌာနက အခွင့်အလမ်းမဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စေတနာစာသင်ကျောင်းတကျောင်းဖြစ်ပြီး အစိုးရခန့် ဆရာ ဆရာမ  ၃၀ ဦးနဲ့ ဆွဲခန့်ဆရာမ ၂၀ ဦးရှိကြောင်း၊ သူ့အနေနဲ့ အဲဒီကျောင်း ရောက်စကတည်းက ဆရာ ဆရာမတွေကြား ဂိုဏ်းကွဲနေတာလည်း တွေ့ရှိရကြောင်း၊ လောလောဆယ် ဆရာ ဆရာမပေါင်း အယောက် ၂၀ ကလည်း နုတ်ထွက်စာတင်ထားကြကြောင်း၊ ဒီပြဿနာကို ဘယ်လိုရှင်းရမှန်းမသိလို့ သူလည်း နုတ်ထွက်စာတင်ထားကြောင်း ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးက လောလောဆယ် ဆန္ဒပြခံရတဲ့ဆရာမကို တခြားကျောင်းမှာ ခေတ္တရွှေ့ပြောင်းထားပြီး ကော်မတီတရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေးရေးတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
4 years Ago
Up