ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ထဲက ကညွှတ်ကွင်း၊ ခုံကြီး၊ စည်ပင်၊ နခြံနဲ့ သံပုကွင်းကျေးရွာအုပ်စု ၅ ခုကို ဆက်သွယ်ထားတဲ့ အင်္ဂပူ-ဘဲပြာ လမ်းမပေါ်ရှိ တံတားတွေနဲ့ လမ်းမ ပျက်စီးနေလို့ အမြန်ဆုံး ပြုပြင်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။
အင်္ဂပူ-ဘဲပြာလမ်းကို စစ်အစိုးရ လက်ထက်က အင်္ဂပူမြို့နယ် ကျေးရွာတွေက ပြည်သူလူထုကို လုပ်အားပေးခေါ် တည်ဆောက်ခဲ့တာပါ။ လမ်းမပေါ်မှာ တံတားပေါင်း ၁၃ ခုရှိပြီး အရှည် ၁၁ မိုင်နဲ့ ၄ ဖာလုံရှည်ပြီး အကျယ် ၁၅ ပေ အကျယ် ရှိပါတယ်။
နခြံအုပ်စု၊ ကွမ်းအုံးကျေးရွာမှ စောဖာကလဲက “ကျေးရွာအုပ်စု ၅ ခုက ကျေးရွာတွေ၊ ပြည်သူလူထုတွေ အဓိကမြို့နယ်ကို သွားလာရတဲ့ လမ်းမပါ။ တံတားပေါင်း ၁၃ ခုရှိပြီ။ အခု ခိုင်ခံ့တယ်လို့ ထင်ရတဲ့ တံတားက ၅ ခုလောက်ပဲ ရှိပါတယ်။ ဦးသိန်းစိန်လက်ထက်က ကျောက်ကြမ်းခင်းတယ်။ ဒါပေမဲ့ အခုမြင်တဲ့အတိုင်းပဲ ကျောက်ရှိတဲ့နေရာ ရှိတယ်၊ မရှိတဲ့နေရာ မရှိဘူး။ ပထမ စည်ပင်သာယာရေးဌာနက လမ်းဆိုပြီး ဆိုင်းဘုတ်လာတပ်တယ်။ နည်းနည်းလေး အပြင်ပြတယ်။ နောက် ကျေးလက်ဦးစီးဌာနက တံတားတွေ လုပ်တယ်။ အခု တံတားတစင်းဆို ဆောက်လက်စ။ အဆုံးမသတ်ဘူး။”လို့ပြောပါတယ်။
လမ်းမနဲ့ တံတားတွေ ပျက်စီးနေတာတွေကြောင့် ဒေသခံတွေ သွားရေးလာရေး ခက်ခဲနေပြီး နေစဉ်သွားလာနေကြတဲ့ ကျောင်းသား ကျောင်းသူတွေ မကြာခဏ စက်ဘီးမှောက်တာရှိသလို မြွေကိုက်လို့ သေဆုံးတဲ့ လူနာတွေ၊ ကလေးမွေးမယ့် မွေးလူနာတွေ အသက်ဆုံးရှုံးတာတွေ နှစ်စဉ် ကြုံတွေ့နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အင်္ဂပူမြို့နယ်၊ အမှတ်-၂၊ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က “ကျနော်တို့ ကွင်းဆင်းတဲ့အခါ တွေ့တယ်။ လမ်းမနဲ့ တံတားတွေ ဆိုးနေတယ်။ သွားလာလို့ အချို့နေရာတွေ မရဘူး။ မြင်တွေ့နေရတယ်။ အဲဒါကြောင့် လွှတ်တော်ကို တင်တယ်။ မေးခွန်းတွေလည်း မေးတယ်။ အမှန်တကယ် လိုအပ်လို့ တင်ပြနေပါတယ်။ ဒေသခံတွေလည်း အကြိမ်ကြိမ် တင်ပြ တောင်းဆိုနေတာ သိပါတယ်။ ခုနှစ် လျာထားတဲ့နေရာမှာ ဒုတိယဦးစားပေး ထည့်သွင်းလျာထားတယ်။ ထပ်ပြီးလည်း မေးခွန်း မေးဦးမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ ကျေးလက်လမ်းတံတားအတွက် တံတားတစင်း ကျပ်သိန်း ၃၇၀၀ နဲ့ ကျေးလက်လမ်း ၂ မိုင်သာ လျာထားတည်ဆောက်မယ်လို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျေးလက်လမ်းတံတားဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။
သတင်း-သန်းထိုက်မြင့်
5 years Ago