တံတားပေါ်မှ ထိုးကျတိမ်းမှောက်

April 4, 2017

အမြန်လမ်းတွင် ပရိုဘောက်စ်ယာဉ် ၁ စီး တံတားပေါ်မှ ထိုးကျတိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၄၂/၄ နဲ့ ၂၄၂/၅) အကြားမှာ ဧပြီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အဖြူရောင် ပရိုဘောက်စ်ယာဉ်တစီး တံတားအောက်ကို ထိုးကျတိမ်းမှောက်ခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။ ဖြစ်စဉ်မှာ ဧပြီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မန္တလေးဘက်မှ နေပြည်တော်ဘက်ကို ဝေါမြို့၊ သစ်စက်ရပ်ကွက်နေသူ ယာဉ်မောင်း မျိုးဝင်းညွန့် မောင်းနှင်လာတဲ့ ပရိုဘောက်စ် အဖြူရောင် ယာဉ်ဟာ အရှိန်ထိန်းနိုင်ဘဲ ဆင်သေတံတားထိပ်မှာ ကာထားတဲ့ ကွန်ကရစ်တိုင်ကို တိုက်မိပြီး တံတားအောက်ကို ထိုးကျ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး လိုက်ပါလာပြီး နှစ်ဦးမှာ သာမန် ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်ရာကို ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ်မောင်း မျိုးဝင်းညွန့်ကို ယာဉ်(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့
4 years Ago
Up