ထိင်းနိုင်ငံမှာ ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၁ ရက်အတွင်း ခရိုင်အတော်များများမှာ မိုးတွေရွာပြီး ခရိုင်တချို့မှာတော့ မိုးသည်းထန်လို့ တံတားကျိုးကျတာ ၊ ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။
ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ဖာဝေါင်ကျေးရွာအုပ်စုထဲမှာဆိုရင် အမှတ် ၁ မဲ့ဆမတ်ချောင်းကူးတံတား ကျိုးကျသွားခဲ့တယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့ညက တညလုံးမိုးသည်းထန်ကာ မဲ့ဆမတ်ချောင်းရေမြင့်တက်လာလို့ ဒီကနေ့ မနက်စောစောမှာတော့ ဖာဘောင်ကျေးရွာရှိ မဲ့ဆမတ်တံတား ကျိုးကျပျက်စီးသွားပြီး ဒီကနေ့မနက်စောစော တံတား တဘက်တချက်က ကားနဲ့ ဆိုင်ကယ်တွေ ယာဉ်ကြောပိတ်မိသွားခဲ့ပါတယ်။
လက်ရှိ တံတားပြန်ကောင်းစေဖို့ သက်ဆိုင်ရာက အမြန်ပြန်လည်ပြုပြင်နေပြီး လောလောဆယ် မဲ့တိုင်နဲ့ မယ်ဟောင်ဆောင်မြို့နယ်ကြားရှိ ကီလိုမီတာအမှတ် ၁၀၉၅ လမ်းနဲ့ ပိုင်း - ချင်းမိုင် လမ်းမကြီးကို အသုံးပြုဖို့ သက်ဆိုင်ရာက အသိပေးကြေညာထားပါတယ်။
ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန ထုတ်ပြန်ချက်အရ ဇွန် ၂၉ မှ ဇူလိုင် ၁ ရက်နေ့အတွင်း ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ ဖယောင်း၊ မယ်ဟောင်ဆောင် စတဲ့ ခရိုင် ၃ ခုထဲမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြို့နယ် ၃ ခု ကျေးရွာအုပ်စု ၇ ခု ရပ်ကွက်နဲ့ကျေးရွာ ၁၅ ခုထဲမှာ ရေကြီးရေလျှံခဲ့တယ်လို့ ဆိုပါတယ်။
ချင်းရိုင်းခရိုင်မှာဆိုရင် ချင်းမိုင်ခရိုင်သွားလမ်း ဝိန်းပါပေါက်မြို့နယ်ထဲမှာ အိမ်ထောင်စု ၁၈ စုရေဘေးသင့်ခဲ့ကြောင်း၊ ဖယောင်းမြို့နယ် ချိန်းမွန့်အုပ်စုထဲမှာ အိမ်ထောင်စု ၃ စု နဲ့ မယ်ဟောင် ဆောင်မှာ ရပ်ကွက် ၂ ခုထဲက အိမ်ခြေ ၅ လုံးရေဘေးသင့်ခဲ့ကြောင်း ၊ ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်းမှာတော့ ရေတွေပြန်ကျသွားပါတယ်။
ထိုင်းနိုင်ငံမှာ တောင်တရုတ်ပင်လယ်မှ ချဘား ( CHABA ) အမည်ရှိ မုန်တိုင်းဝင်လို့ ဇွန် ၃၀ မှ ဇူလိုင် ၂ ရက်အတွင်း ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း ၊ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်း ၊ အနောက်တောင်ပိုင်းနဲ့တကွ ဘန်ကောက်အနီးတဝိုက်မှာ မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ မှ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ကိုးကား - https://www.tmd.go.th/daily_forecast.php