တေးသံရှင် စိုင်းဆိုင်မောဝ် မန္တလာဆေးရုံတွင် ဆေးကုသမှုခံယူ

A d v e r t i s e m e n t With Us

January 3, 2020

တေးသံရှင် စိုင်းဆိုင်မောဝ် မန္တလာဆေးရုံတွင် ဆေးကုသမှုခံယူ

မြန်မာသီချင်း၊ ရှမ်းသီချင်းပေါင်းမြောက်များစွာကို ရေးစပ်သီဆိုခဲ့သူ တေးသံရှင်စိုင်းဆိုင်မောဝ်ဟာ မန္တလာဆေးရုံကြီးမှာ ဆေးကုသမှုခံ ယူနေရပါတယ်။  အသက် ၇၅ နှစ်ရွယ်ရှိ စိုင်းဆိုင်မောဝ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက သိန္နှီမြို့ နေအိမ်မှာ အနားယူစဉ် အရမ်းအားနည်းလာတဲ့အတွက် လားရှိုးဆေးရုံကို ခေါ်ဆောင်ခဲ့ကြောင်း၊ ဆေးရုံက ဓာတ်မှန်ရိုက်ကြည့်တော့ ကျောက်ကပ်မှာ ကျောက်တည်နေတာကို တွေ့ရှိရတဲ့အတွက် မန္တလေးကို ခေါ်ခဲ့တာလို့ စိုင်းဆိုင်မော့ဝ်အား အနီးကပ်စောင့်ရှောက်နေသူ တူသားတဦးက ဒီဗွီဘီကို ပြောပါတယ်။  “သိန္နီမှာ တအားအားနည်းလာပြီး လမ်းကောင်းကောင်းမလျှောက်နိုင်လို့ အရင်ဆုံး ဆေးခန်း ပြတယ်။ ဆေးခန်းကနေ လားရှိုးဆေးရုံ၊ အဲဒီမှာ ဓာတ်မှန်ရိုက်တော့ ကျောက်ကပ်မှာကျောက်တည် တာတွေ့တယ်။  အာရုံကြောအားနည်းပြီး အဆုတ်လည်းနာလို့ မန္တလေးကို ခေါ်လာတာပါခင်ဗျ။ ဒီဆေးရုံကို ဒီဇင်ဘာ ၂၈ ရက်နေ့က ရောက်ပါတယ်။ ခွဲစိပ်ကုသတာတော့ မလုပ်သေးဘူး။ ပိုက်နဲ့သွယ်ထားတာကတော့ ဆရာဝန်က သူအစာစားရခက်မှာ စိုးလို့တဲ့။ အခုနည်းနည်းသက်သာ လာပါပြီ။ နောက် တစ်ရက် နှစ်ရက်နေရင် ဆေးရုံဆင်းရမယ်လို့ ဆရာဝန်ကပြောပါတယ်။” ကာယကံရှင် စိုင်းဆိုင်မောဝ်ကလည်း  သူ့အတွက်စိတ်ပူပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင် ကြောင်း၊ သက်သာလာပြီမို့ မစိုးရိမ်ကြဖို့ ဒီဗွီဘီမှတဆင့် စကားပါးလိုက်ပါတယ်။  “စိတ်ပူပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။  ‌ဝေဒနာကတော့ နာကျင်တာတွေ မရှိပါဘူး၊ ထမင်းတော့ မစားနိုင်သေးဘူး၊ သစ်သီးဖျော်ရည်တွေသောက်ပါတယ်။ ဆရာဝန်က အားဆေးတွေ ဆက်တိုက်ပေးတယ်။ မစိုးရိမ်ကြပါနဲ့ နောက် ၃ ရက်လောက်ဆို ဆေးရုံကဆင်းပြီး ရန်ကုန်သွားမယ်။” စိုင်းဆိုင်မောဝ်ဟာ ဒီမတိုင်ခင် နိုဝင်ဘာလကုန်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ သူ့အတွက်ဂုဏ်ပြုကျင်းပပေးတဲ့ ၇၅ နှစ်မြောက် စိန်ရတုပွဲကို တက်ရောက်ခဲ့ပါတယ်။ သူဟာ အသက်အရွယ်ရလာလို့ ကျန်းမာရေးသိပ်မကောင်းတော့ပေမယ့် ပရိသတ် ဖိတ်ကြားလာတဲ့ ပွဲစဉ်တွေကို ကြိုးစားပြီး ရောက်အောင်သွားလေ့ရှိပါတယ်။  အဆိုတော်စိုင်းဆိုင်မောဝ်ဟာ ၁၉၇၃ ခုနှစ်လောက်ကတည်းက ရှမ်း/မြန်မာတေးသီချင်းတွေ စတင်သီဆိုခဲ့ပြီး ရှမ်းဘာသာ တေးစီးရီးပေါင်း ၄၀ ကျော်၊ မြန်မာတေးစီးရီး ၃၀ ကျော် သီဆိုဖြန့်‌ဝေထားပါတယ်။  ကိုယ်တိုင်ရေး ရှမ်းသီချင်းအပုဒ် ၂၀၀ ကျော်၊ မြန်မာသီချင်း အပုဒ်ရေ ၁၀၀ ကျော်ရှိပြီး  ဆယ်စုနှစ် ၄ စုထိ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရခဲ့သူဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဓမ္မပါလစာပြန်ပွဲတော်ကြီးကနေ ချီးမြှင့်တဲ့ ရှမ်းအမျိုးသားအနုပညာရှင်ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။  ဓာတ်ပုံ - Jai Lao Saii
1 year Ago
Up