တော်၍ ကောင်းကြသူများအား

A d v e r t i s e m e n t With Us

April 21, 2020

တော်၍ ကောင်းကြသူများအား အလေးပြုပါ၏

အခုတလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြင်တွေ့နေရတာတွေက တချို့ ကြည်နူးစရာ။ တချို့ ‘တံတွေးခွက်၊ စိတ်ပျက်စရာ’တွေလည်း ရှိရဲ့။ ဒါပေမဲ့ ‘တော်၍ ကောင်းကြသူတွေ’ များပါတယ်။ မြန်မာနိုင်ငံအပေါ် ကျရောက်လာမယ့် ရောဂန္တရကပ်ကနေ လုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးကြသူတွေ။ အပြောမဟုတ် လက်တွေ့ ဆောင်ရွက်ကြသူတွေ။ သူတို့အတွက် ပြည်သူလူထုက လက်ခုပ်ဩဘာပေးပြီး ဂုဏ်ပြုခဲ့ကြတယ်။ သေသေချာချာ တွက်စစ်ကြည့်ရင် သူတို့စောင်မမှုဟာ မွန်မြတ်လှပါတယ်။ “လူဟာ မွေးကတည်းက မြင့်မြတ်လာကြတာ မဟုတ်ဘူး။ သူ့ရဲ့အရည်အချင်းများ၊  စွမ်းဆောင်ရည်များကြောင့်သာ မြင့်မြတ်လာရတာ” လို့ ဆိုသလိုပါပဲ။ ကျရောက်လာတဲ့ တာဝန်ကို မညည်းမညူ မငြင်းမဆန် ထမ်းဆောင်ခဲ့ကြတဲ့ သူတို့ရဲ့ စေတနာတွေကပဲ သူတို့ကို မြင့်မြတ်စေခဲ့တာ။ သူတို့ဂုဏ်သိက္ခာကို သူတို့တာဝန်ကျေမှု၊ သူတို့ရွေးချယ်မှုတွေကပဲ သက်သေတည်လာစေခဲ့တာပါ။ သူတို့ကိုတော့ ‘အနစ်နာခံ’သူတွေဆိုတဲ့ စကားနဲ့ အသုံးမပြုလို။ သူတို့ ရွေးချယ်မှုပါ။ အဲဒီရွေးချယ်မှုကိုပဲ ဂုဏ်ပြုကြရမှာပါ။ ‘အနစ်နာခံ’ဆိုတာက ‘ရွေးချယ်မှု’ရဲ့နောက်မှ ပေါ်လာတာ။ သူတို့ရွေးချယ်ခြင်းအမှုကို ပြုလုပ်ချိန်မှာ သူ့နှလုံးသွင်းမှုထဲ ရှိနေတဲ့စေတနာ ပြဋ္ဌာန်းချက်က ရှေ့ဆောင်နေတာကြောင့် ရယူလိုစိတ်နဲ့ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်လည်း မွန်မြတ်တဲ့ ရွေးချယ်မှုကို ဖြစ်စေခဲ့တာ။ ပြည်ဆေးရုံက ဒေါက်တာဒေါ်မြင့်မြင့်စိန်ကလည်း ဒီသဘောကို ဖော်ညွှန်းလိုဟန်ရှိပါတယ်။ “ရွေးချယ်ခြင်း” ဆိုတာနဲ့ပတ်သက်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်ရပ်လေးတခုအကြောင်း ပြောချင်တယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ယန်ပေါဆတ်ဆီကို လူငယ်တဦး ရောက်လာပြီး ရွေးချယ်ရခက်တဲ့ သူ့အခြေအနေတွေကို ပြောပြတယ်။ သူဟာ စစ်ပွဲမှာ ကျဆုံးသွားတဲ့ သူ့အစ်ကိုအတွက် ဂျာမန်တွေကို လက်စားချေဖို့ စစ်ထဲဝင်ပြီး လက်စားချေမလား။ ဒါမှမဟုတ် မျက်မမြင်မိခင်ကြီးကိုပဲ စောင့်ရှောက်ရမလားဆိုတာ မဝေခွဲနိုင်ဘူး ဖြစ်နေတယ်။ ခက်တာက သူဟာ အမေတခု သားတခုဖြစ်နေတော့ သူ့အနေနဲ့ ဝေခွဲရခက်နေတယ်။ သူ ဘာလုပ်ရမလဲလို့ မေးတော့…  “မင်းဟာ လွတ်လပ်တယ်။ ဒီတော့ မင်း ရွေးချယ်ရမှာပါ။ ဒီရွေးချယ်မှုတိုင်းရဲ့နောက်မှာ တာဝန်ရှိတယ်” လို့ ပြောလိုက်တယ်။ လူဟာ ကိုယ်တာဝန်ခံနိုင်တာကိုပဲ ကိုယ်ရွေးချယ်ကြတာပါ။ ကိုယ့်ရွေးချယ်မှုအတွက် ဘယ်ဘုရားသခင်ကမှ တာဝန်မခံနိုင်ပါဘူး။ ဘယ်ဥပဒေနဲ့မှ တာဝန်ခံလို့ မရဘူး။ ကိုယ့်ပုံတူကိုယ်ပဲ ရေးကြရတာပါ။ ဒီသဘောအတိုင်းပါပဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်- ၁၉  ကပ်ရောဂါအတွက် လောလောလတ်လတ် တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်း (လုပ်အားပေးစကားလုံးကို ရှောင်ထားပါတယ်) တွေဟာ တာဝန်ယူမလား၊ မယူဘူးလားဆိုတာ ရွေးချယ်ခွင့်ရှိခဲ့ပါတယ်။ ဒီလိုပါပဲ။ ကိုဗစ်-၁၉ အခင်းအကျင်းမှာ တချို့က ကူညီကယ်ဆယ်ရေးကို ရွေးချယ်လိုက်ကြတယ်။ တချို့ကျတော့ ပုံမှန်လမ်းကိုပဲ ဆက်လျှောက်ခဲ့ကြတယ်။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ကူညီကယ်ဆယ်ရေးကို ရွေးချယ်သူတွေဟာ သူတို့အတွက်သာမက ကျန်ရှိတဲ့ လူ့အဖွဲ့အစည်းဝင်တွေအတွက် ရွေးချယ်ချက်မို့ တဦးချင်းသဘောထက် ‘ကွန်မြူနတီ’ကိုပဲ ရွေးချယ်လိုက်ကြတာလို့ ဆိုနိုင်ပါတယ်။ ဒီအတွက်လည်း သူတို့ကို ပြည်သူလူထုက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုခဲ့ကြတာပါ။ တချို့ကတော့ ဂုဏ်ပြုလိုစိတ်ကိုတောင် ငြင်းပယ်ခဲ့ကြတာလည်း တွေ့ရတယ်။ ကိစ္စမရှိ။ ဒါဟာ တဦးချင်း နှလုံးသွင်းမှုနဲ့ပဲ ဆိုင်ပါတယ်။ ‘ကွန်မြူနတီ’သဘော ရွေးချယ်မှုကိုတော့ အဲဘတ်ကမျူးက ‘ပလိပ်’ဝတ္ထုမှာ‌ ဖော်ပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပလိပ်ကပ်ရောဂါကျရောက်တော့ အိုရန်မြို့တမြို့လည်း ကျရောက်ခဲ့တယ်။ စေတနာရှင် ကူညီမယ့် အသင်းအဖွဲ့တွေ၊ သန့်ရှင်းရေးလုပ်မယ့်စေတနာရှင်တွေ များစွာ ထွက်ပေါ်လာခဲ့တယ်။ အဲဒီမှာ ကမျူးက “ပလိပ်ကပ်ကြီးအား တိုက်ဖျက်ဖို့ အစွမ်းရှိသမျှ လုပ်ဆောင်ကြရန်မှာ သူတို့၏ တာဝန်သာဖြစ်သည်ကို သဘောပေါက်စေလေသည်။ ဤသို့ပင်လျှင် ပလိပ်ကပ်သည် လူတစု၏ တာဝန်ဖြစ်လာသောအခါ ယင်း၏ သဘောသရုပ်မှန်ကလည်း ပေါ်လာလေသည်။ ယင်းကား အားလုံးနှင့်ဆိုင်သည့်ကိစ္စ။ အားလုံး၏အပူ” လို့ဆိုခဲ့တယ်။ ဒီမှာတော့ ကမျူးက တခုချင်းသဘောကနေ အလုံးစုံသဘော။ တဦးချင်းသဘောကနေ ကွန်မြူနတီ(လူ့အဖွဲ့အစည်း)သဘောကို တက်လှမ်းသွားကြောင်း ဖော်ပြခဲ့တာ။    ကပ်ရောဂါအတွက် လုပ်ဆောင်ရမယ့်သူတွေဟာ စိတ်ရင်းကောင်းရုံသက်သက်နဲ့ လုပ်လို့ မရပါဘူး။ လူကောင်းသက်သက်ဖြစ်ရုံနဲ့ မရဘူး။ နားလည်တတ်ကျွမ်းမှုရှိဖို့လည်း လိုပါတယ်။ ဒီနေ့ ကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကို ရှေ့တန်းက တိုက်ပွဲဝင်နေကြသူတွေဟာ တတ်သိနားလည်တတ်ကျွမ်းပြီး ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ သူတို့က ထိုက်သင့်တဲ့ တတ်သိနားလည်မှု ရှိခဲ့ကြသူတွေပါ။ ကျန်ရှိတဲ့ ကူညီလိုစိတ်နဲ့ လူမှုဝန်ထမ်းစိတ်ရှိသူတွေကလည်း ‘ကိုယ် ဘယ်နေရာက ပါဝင်ကူညီရမလဲ’ ဆိုတဲ့စိတ်နဲ့ ကိုယ် တတ်သိကျွမ်းကျင်ရာနေရာက ပါဝင် အားဖြည့်ပေးနေကြတာဟာ တကယ့်ကို ဂုဏ်ပြုလေးစားရမယ့်သူတွေ ဖြစ်ပါတယ်။ တတ်သိနားလည်မှုရှိတဲ့လူကို ‘လူတော်’လို့ ခေါ်ကြပါတယ်။ လောကမှာ မကောင်းမှုမှန်သမျှဟာ အသိပညာ ခေါင်းပါးခြင်းနဲ့ တတ်သိနားလည်မှုမရှိခြင်းဆီကပဲ မြစ်ဖျားခံလာတာပါ။ စေတနာ ဘယ်လောက်ကောင်းပါစေ၊ တတ်သိနားလည်မှု မရှိရင် ‘မစ္ဆရိယစိတ်’နဲ့ လုပ်လိုက်သလို ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် တော်ပြီးကောင်းတဲ့ ‘လူတော်လူကောင်း’တွေကသာ အခု ကိုဗစ်-၁၉ ရောဂန္တရကပ်ကြီး ကျော်လွားနိုင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ တပြိုင်တည်း အဲသလို လုပ်ဆောင်နေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးကိုလည်း  “တော်၍ ကောင်းကြသူများ” အဖြစ် အစဉ်ရှေးရှု အလေးပြုလိုက်ရပါတယ်။ ထွန်းဇော်ဌေး 
10 months Ago
Up