တော်ဝင်ဘွဲ့အမည်နှင့် အဆောင်အယောင်များ

October 22, 2019

ထိုင်းဘုရင်၏ ကြင်ရာတော် တော်ဝင်ဘွဲ့အမည်နှင့် အဆောင်အယောင်များ ရုပ်သိမ်းခံရ

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်ဟာ သူ့ရဲ့ တော်ဝင်ကြင်ရာတော်ကို သစ္စာမဲ့မှုအတွက် ဘွဲ့နာမည်တွေအားလုံး ပယ်ဖျက်လိုက်ရုံမက စစ်ဘက် ရာထူးတွေကနေပါ ရုပ်သိမ်းလိုက်တယ်လို့ ထိုင်းဘုရင့်နန်းတော်က အောက်တိုဘာ ၂၁ ရက်မှာ  ထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟာ ရာစုနှစ်တခုအတွင်း ပထမဆုံးအနေနဲ့ အသက် ၃၄ နှစ်အရွယ် ဆီရီနတ် ဝုန်ဗာဂျီရာပတ်ဒီကို တော်ဝင်ကြင်ရာတော်အဖြစ် ဇူလိုင်လကမှ တင်မြှောက်ထားခဲ့တာပါ။ ဆီရီနတ်ဟာ နန်းတွင်းသူ နန်းတွင်းသားတွေအတွက် ချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းကို ချိုးဖောက်ပြီး ဘုရင်အပေါ် သစ္စာမဲ့တယ်လို့ စာမျက်နှာ နှစ်မျက်နှာ ပါတဲ့ နန်းတွင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဆီရီနတ်ဟာ ကျေးဇူးမသိတတ်ဘဲ မိဘုရားအဆင့်ကို တိုးမြှင့်ရယူဖို့ အကုန် လုပ်ခဲ့တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။ ဘုရင်ဟာ မေလက နန်းမတက်ခင် ရက်ပိုင်းအလိုမှာ သူ့ရဲ့ သက်တော်စောင့်တပ်ဖွဲ့ ဒုတိယ အကြီးအကဲဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဆုသီတာကို လက်ထပ်ပြီး မိဘုရားအဖြစ် တင်မြှောက်ခဲ့ပါတယ်။ အဲဒီနောက် မိဘုရား ဆုသီတာဝဇီရာလောင်ကွန် အယုဒ္ဓယဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။
2 years Ago
Up