တော်လှန်ရေးရဲဘော်

August 30, 2021

“လူငယ်တွေ တော်လှန်ရေးရဲဘော်တွေကို စာနာ၊ ကူညီ၊ ထောက်ပံ့ပေးကြပါ”–ဒါရိုက်တာ ကိုပေါက်

မြန်မာပြည်အနှံ့က စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင် လူငယ်တွေ၊ တော်လှန်ရေးရဲဘော်တွေကို စာနာပေးကြဖို့နဲ့ ကူညီထောက်ပံ့ပေးကြဖို့ ဒါရိုက်တာ ကိုပေါက်က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လို အစားထိုးခံစားကြည့်စမ်းပါ။ တော်တော်သနားဖို့ ကောင်းတယ်။ ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။ နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။ အခုလည်း ခံနေရတုန်းပဲ။ သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ကျနော်တို့ရဲ့ အသက် သွေး ချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်က တည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးဟာ သမိုင်းပေးတာဝန်တခုဖြစ်ပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်လို့ သူက ပြောပါတယ်။

“အခုကျနော်လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှနောက်ပြန်လှည့်လာမှာလည်း မဟုတ်ဘူး။ အရင်က သက်သောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိတယ်။ သိ သိနဲ့ ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြောင်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။ ဒုက္ခထဲမှာ ကျ နော်ပျော်ပါတယ်။ အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ ကလေးတွေက အများကြီးပါ။ ကျနော်တို့ ဒုက္ခက သူတို့တွေ ရင်ဆိုင်နေရတာထက် အများကြီးသေးပါတယ်။ မြန်မာပြည်အနှံ့က လူငယ်တွေ တော်လှန်ရေးရဲဘော်တွေကို စာနာပေးပါ၊ ကူညီပေးပါ၊ ထောက်ပံ့ပေးကြပါ။နောက်ဆုံး မေတ္တာပေးပါ”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ တော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၀၂၆ ယောက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၇,၆၀၀ ကျော် ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

3 months Ago

August 5, 2021

တော်လှန်ရေးရဲဘော်များ ငွေပဒေသာပင်ရန်ပုံငွေ ကျပ်သိန်း ၂၅၀၀ လိုအပ်နေဟု အလှမယ် ထားထက်ထက် ပြော

တော်လှန်ရေးနယ်မြေတခုထဲမှာ ရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက်က စစ် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် တဖက်တလမ်းက အလှူငွေ ကောက်ခံပေးနေပြီး လက်ရှိမှာတော့ ငွေပဒေသာပင်ရန်ပုံငွေ ကျပ်သိန်း ၂၅၀၀ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“လိုရင်းပဲ ပြောပါရစေ… မကြာခင်အရေးကြီး အခြေအနေတခုကို ဖြတ်သန်းရတော့မယ်လို့ ကျမတို့ ညီအကို မောင်နှမ ရဲဘော်တွေ သိရှိပြင်ဆင်လျက်ရှိပါတယ်။  ကလေးတွေ အတွက် အမြဲတမ်းရှင်သန်နေမယ့် အလှူငွေပဒေသာပင် တည်ဖို့ အလှူခံလိုပါတယ်။  ကျပ်သိန်း ၁၀၀၀ လက်ထဲ ရှိပါတယ်။  ကျပ်သိန်း ၂၅၀၀ လိုအပ်နေပါတယ်။”

တော်လှန်ရေးရဲဘော်တွေအတွက် လူသားချင်း အထောက်အကူပြု ပစ္စည်းတွေ ကူ ညီထောက်ပံ့ပေးဖို့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ အလှူခံခဲ့တာ ပြီးခဲ့တဲ့ရက်ပိုင်းအထိ ဆက် လက်လှူဒါန်းပေးခဲ့ကြတဲ့ အလှူငွေတွေအရ  စုစုပေါင်းငွေကျပ်သိန်း ၂၁၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ကျပ် သိန်း ၁၁၀၀ ကျော်ကို ဇွန်လအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ငွေကျပ်သိန်း ၁၀၀၀ ကို အမြဲတမ်းရှင်သန်နေမယ့် ရန်ပုံငွေ ပဒေသာပင်လုပ်ဖို့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ခဲ့ပြီးဖြစ်တယ်လို့ ထားထက်ထက်က ဆိုပါတယ်။

“ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရမှုတွေကြောင့် အလှူမခံတော့ဖို့ ဆုံးဖြတ်ထားပေမယ့် ငွေ ပဒေသာပင်ဖြစ်တာမို့ အမြန်ဆုံး လှူပေးကြပါလို့ တောင်းဆိုပါတယ်… ရရှိတဲ့ အလှူငွေ တွေကို နေ့စဉ်ကြေညာပြီး အမြန်စာရင်းပိတ်နိုင်ဖို့ ကူညီပေးကြဖို့ မျှော်လင့်ပါတယ်ရှင်”

အလှမယ် ထားထက်ထက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင် ချိန်တည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ သူ့ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာမို့ ဝမ်းနည်းစိတ် မကောင်းဖြစ်ရကြောင်းနဲ့ နောက်ဆုံးအကြိမ်မှာ ဖခင်ကို တွေ့ခွင့်မရဘဲ ကန်တော့ခွင့်မရ တဲ့အတွက် ဘယ်လိုမှ မဖြေနိုင်မခံစားနိုင်ဘူးလို့ ထားထက်ထက်က ဆိုပါတယ်။

“ဆိုးရွားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ… သိက္ခာပိုင်းတိုက်ခိုက်မှုတွေအပြင် နှလုံး သားတွေ တစစီ ဖြစ်သွားလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြေကွဲစရာ ကိစ္စတွေလည်း ဒီရက်ပိုင်းထဲ ဖြစ်ပျက်ခဲ့ပြီးပါပြီ… နှုတ်ဆက်စရာ ရှိတာတွေ နှုတ်ဆက်ပြီးပြီမို့ ဆက်လျှောက် ရမယ့် လမ်းကို ရင်ကော့ခေါင်းမော့လို့ အဖေ့သွေးအပြည့်ပါတဲ့ သမီးအနေနဲ့ အဖေဖြစ်စေ ချင်တဲ့အတိုင်း ဆက်လျှောက်ပါဦးမယ်။”

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ အမေရိကန်၊ ဩစတေးလျ၊ ဗြိတိန်၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေအပြင် BitCoin၊ PayPal စတဲ့ အကောင့်တွေကပါ ဆက်သွယ်လှူဒါန်းနိုင်ဖို့ ဖော်ပြထားတဲ့အပြင် မြန်မာပြည်တွင်း အလှူရှင်တွေအနေနဲ့ ချက်ဘောက်စ်ကတဆင့် ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

4 months Ago
Up