တောမီးလောင်မှု

July 5, 2021

ဆိုက်ပရပ်စ်တွင် တောမီးလောင်၊ လူ ၄ ဦး သေဆုံး

ဆိုက်ပရပ်စ်နိုင်ငံမှာ ဒုတိယမြောက်နေ့အဖြစ် တောမီးအကြီးအကျယ်လောင်နေလို့ ဇူလိုင် ၄ ရက်မှာ လူ  ၄ ယောက် သေဆုံးသွားပါတယ်။

သစ်တောတွေသာမက အိမ်တွေ ဒါဇင်ချီ မီးလောင်ခဲ့လို့ မှတ်တမ်းရှိသမျှ အဆိုးဆုံး တောမီးလို့ အရာရှိ တစ်ယောက်က ပြောပါတယ်။

လေပြင်းတွေလည်း တိုက်နေလို့ ထရူးဒေါ့စ် တောင်တန်းရဲ့ တောင်ခြေက ၁၀ စတုရန်းမိုင် ကျယ်တဲ့ နေရာက လူနေ ရပ်ကွက် ၁၀ ရပ်ကွက် ထက်မနည်း တောမီး သင့်ခဲ့ပါတယ်။

 ဆိုက်ပရပ်စ်နိုင်ငံမှာ ကြုံဖူးသမျှ အဆိုးဆုံး တောမီးတွေထဲက တစ်ခုလို့ ဆိုက်ပရပ်စ် သမ္မတက ပြောပါတယ်။

တောင်စောင်းတလျှောက်က ထင်းရှူးနဲ့ သစ်သီးခြံတွေဟာ မီးကျွမ်းအပြီး အပြာရောင် မြေယာအခင်းအကျင်းသာ ကျန်ရစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဂရိနိုင်ငံက မီးသတ်လေယာဉ်တွေ မီးငြှိမ်းဖို့ ထွက်သွားပြီး အီတလီကလည်း မီးသတ်လေယာဉ်တွေ လွှတ်ဖို့ စီစဉ်နေတယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။

အစ္စရေးကလည်း ကူညီဖို့ ကတိပြုထားပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ အခြေစိုက်တဲ့ ဗြိတိန် စစ်တပ်က လေယာဉ်တွေကလည်း ကူညီခဲ့ပါတယ်။

မီးသင့်တဲ့နေရာကို အပျက်အစီးမြေပုံ ထုတ်နိုင်ဖို့ ဥရောပသမဂ္ဂရဲ့ အရေးပေါ်သုံး ကော့ပါးနီးကတ်စ် ဂြိုဟ်တုကို သုံးခဲ့တယ်လို့ ဥရောပကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ လတ်တလော ရက်တွေမှာ ဆိုက်ပရပ်စ်နိုင်ငံအတွင်း အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

5 months Ago

October 11, 2020

တောမီးလောင်မှု သံသယရှိသူ အချို့ကို တူရကီအဏာပိုင်များ ဖမ်းဆီး

တူရကီအာဏာပိုင်တွေက နိုင်ငံအရှေ့တောင်ပိုင်း ဟာတေခရိုင်အတွင်း တောမီးလောင်မှု အတွက် မီးရှို့သူလို့ သံသယရှိသူ တချို့ကို အောက်တိုဘာ ၁၀ ရက်က ဖမ်းခဲ့ပါတယ်။  ၂ ရက်ကြာ လောင်နေတဲ့ တောမီးဟာ အဆောက်အအုံတွေဆီကို ကူးစက်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးခဲ့ရတာပါ။  မီးဟာ အောက်တိုဘာ ၉ ရက်က ဘေလန်ခရိုင်ထဲက နေရာအတော်များများကို စလောင်ခဲ့ပြီး လေတိုက်နေလို့ အောက်တိုဘာ ၁၀ ရက်အထိ ဆက်လောင်ခဲ့ပါတယ်။  ဒါကြောင့် မီးညွန့်ကျိုးအောင် ရဟတ်ယာဉ်တွေ၊ကယ်ဆယ်ရေးသမားတွေက ကြိုးစားခဲ့ရ ပါတယ်။  “အဖျက်အမှောင့် ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေတယ်။ မီးနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ သံသယရှိသူတွေ ရှိနေတယ်” လို့ ဒေသခံအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။  ဒါပေမဲ့ ဘယ်နှယောက်ကို ဖမ်းထားတယ် ဆိုတာကိုတော့ မပြောပါဘူး။  အောက်တိုဘာ ၉ ရက်မှာတော့ တောမီးကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးယူနစ်တခု ပေါက်ကွဲခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။  တချို့ လူနေရပ်ကွက်တွေကိုတော့ ဘေးကင်းရာကို ရွှေ့ပြောင်းထားရပါတယ်။
1 year Ago
More News
Up