တောမီးလောင်နေသော်လည်း ဆစ်ဒနီမြို့တွင် နှစ်သစ်ကူး မီးရှူးမီးပန်းဖောက်ပွဲ ကျင်းပမည်

December 31, 2019

တောမီးလောင်နေသော်လည်း ဆစ်ဒနီမြို့တွင် နှစ်သစ်ကူး မီးရှူးမီးပန်းဖောက်ပွဲ ကျင်းပမည်

သြစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးပြည်နယ်မှာ တောမီးလောင်နေလို့ နှစ်သစ်ကူး မီးရှူးမီးပန်းဖောက်တာတွေ မလုပ်ကြဖို့ ဆော်သြနေကြပေမယ့် ဆစ်ဒနီမြို့မှာ နှစ်သစ်ကူး အကြိုည အထင်ကရ မီးပန်းဖောက်ပွဲကို နဂိုစီစဉ်ထားတဲ့အတိုင်း ဆက်ကျင်းပမယ်လို့ ပြည်နယ် မီးသတ်ဌာန ကပြောလိုက်ပါတယ်။ ဒေသတွင်းမှာ မီးသုံးစွဲမှုလုံးဝ ပိတ်ပင်ထားပေမယ့် ဆစ်ဒနီဆိပ်ကမ်းက မီးပန်းပြပွဲ တခုတည်းကို ခြွင်းချက်ပေးထားတယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။  ကမ္ဘာကျော် မီးရှူးမီးပန်းပြပွဲကို ထောင်သောင်းချီတဲ့ လူတွေ လာကြည့်ကြမယ်လို့လည်း မျှော်လင့်ထား ပါတယ်။  နှစ်သစ်ကူး အကြိုညမှာ အပူချိန် ပိုတိုးမယ်လို့လဲ မိုးလေဝသခန့်မှန်းချက် ထုတ်ပြန် ထားပါတယ်။  တောမီးလောင်ကျွမ်းမှုအခြေအနေ ပိုဆိုးမှာ စိုးရိမ်လို့ ဆစ်ဒနီ အနောက်ပိုင်းနဲ့ ပတ်ဝန်းကျင် ကျေးလက်ဒေသတွေမှာ မီးပန်းဖောက်မယ့် အစီအစဉ်တွေ ဖျက်သိမ်းထားပါတယ်။  ဆစ်ဒနီ မီးပန်းပွဲကို ဖျက်သိမ်းဖို့နဲ့ လယ်သမားတွေ မီးသတ်သမားတွေကို ငွေပေးဖို့   အင်တာနက်ပေါ်က မေတ္တာရပ်ခံစာမှာ လက်မှတ်ထိုးသူ အရေအတွက်ဟာ မနေ့ညကနေ အထိ လူအယောက် ၂၇၀၀၀၀ ကျော်ခဲ့ပါတယ်။
2 years Ago
Up