တောမီးငြှိမ်း

September 21, 2020

ဖုန်မုန်တိုင်းကြောင့် အမေရိကန်မီးသတ်သမားများ တောမီးငြှိမ်းရာတွင် အကူအညီရခဲ့

အမေရိကန်နိုင်ငံ အနောက်မြောက်ဘက်ကမ်းရိုးတန်းက အိုရီဂွန်ပြည်နယ်ထဲမှာ မကြုံစဖူး ဖုန်မုန်တိုင်းတိုက်ခဲ့လို့ ပိုအေးပြီး စိုစွတ်တဲ့ရာသီက မီးသတ်သမားတွေအတွက် တောမီးငြှိမ်းသတ်ရာမှာ အကူအညီရခဲ့ပါတယ်။ အိုရီဂွန်ပြည်နယ် ပီစလေမြို့က ဘရတ်တိန် တောမီးရဲ့ဘေးမှာ ဖုန်ဆင်နှာမောင်းဟာ စက်တင်ဘာ ၁၉ ရက်က တိုက်ခတ်ခဲ့တာပါ။ မကြုံစဖူး ဆိုးရွားပြင်းထန်တဲ့ တောမီးကြောင့် အိုရီဂွန်ပြည်နယ်တွင်း လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဝါရှင်တန်ပြည်နယ်မှာ ၁ ယောက် သေဆုံးပါတယ်။ သစ်တောဧကပေါင်း ၁ ဒသမ ၇သန်း မီးလောင်ပြာကျခဲ့ပါတယ်။ မေလ ၁ ရက်က စတဲ့ တောမီးဟာ ပြည်နယ်နှစ်ခုအတွင်း မြို့နယ်အတော်များများကို မီးလောင်ပြာကျစေခဲ့တာပါ။ ကပ်ဘေးအစောပိုင်းကာလ ဘေးကင်းရာ ရွှေ့ပြောင်းချိန်က ပရမ်းပတာ ဖြစ်ခဲ့လို့ မီးဝိုင်းခံရတဲ့ ထောင်ချီတဲ့အိမ်တွေရဲ့ အပျက်အစီးတွေကို ရှာဖွေရေးအဖွဲ့တွေက ပိုက်စိပ်တိုက် ရှာနေလို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အိုရီဂွန် အရေးပေါ် စီမံအုပ်ချုပ်ရေး အရာရှိတွေက သတိပေးထားပါတယ်။ လေပြင်းတွေက ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး တနာရီ ၂၅ မိုင်နှုန်းနဲ့ တိုက်ခတ်မယ့် လေထဲမှာ စိုထိုင်းဆ အင်မတန်နည်းတယ်လို့ ဟောကိန်းထုတ်ထားပါတယ်။  နိုင်ငံတောင်ပိုင်းမှာ အပူချိန်က အနေတော်ဖြစ်ပေမယ့် နိုင်ငံမြောက်ပိုင်းက မိုးလေဝသက ပူနွေးခြောက်သွေ့မယ့်ဘက်ကို ပြန်သွားမယ်လို့ ခန့်မှန်းရလို့ လာမယ့်သီတင်းပတ် အစောပိုင်းရက်တွေမှာ မီးအန္တရာယ် ပြန်မြင့်တက်လာနိုင်တယ်လို့လည်း မိုးလေဝသ ခန့်မှန်းချက်တွေက ဆိုထားပါတယ်။
8 months Ago
Up