တောင်သာမြို့

October 27, 2021

တောင်သာမြို့၌ ထောက်ခံစာလာလုပ်သူနှစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်

မန္တလေးတိုင်း တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာမှာ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းက ထောက်ခံစာပြုလုပ်သူနှစ်ဦးက  အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်သွားပါတယ်။

အရှေ့ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ရဲ့ နေအိမ်ကို အမည်မသိ အမျိုးသားနှစ်ဦးက ထောက်ခံစာလာလုပ်ရင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။

“မနက် ၇ နာရီလောက်က အုပ်ကြီးအိမ်မှာ လူနှစ်ယောက်ရောက်က ထောက်ခံစာလိုချင်လို့ပါဆိုပြီး အုပ်ကြီးအိမ်ပေါ်တက်လာတယ်။ အုပ်ကြီးက လူတစ်ယောက်နဲ့ စကားပြောနေတုန်း မဆိုင်သူဘေးဖယ်ဆိုပြီး အုပ်ကြီးကို ပစ်သွားတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ကို သေနတ်ဒဏ်ရာ (စိုးရိမ်ရ) ကြောင့် ဆေးရုံပို့ထားပြီး သူနဲ့ အတူရှိတဲ့ အမျိုးသားတစ်ဦးကိုတော့ သေနတ်နဲ့ ပစ်မသွားပါဘူး။

အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ကျေးရွာကို ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

1 year Ago

November 7, 2020

တောင်သာမြို့အတွက် ဖျောက်ဆိပ်ပင်ရေစုကန်က ၂၀၂၁ နှစ်ဆန်းပိုင်း ရေချို စပေးမည်

မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသတခုဖြစ်တဲ့ တောင်သာမြို့မှာ ရေချို လုံလောက်စွာ ရရှိရေးဆောင်ရွက်နေပြီး ဖျောက်ဆိပ်ပင်ရေပေးဝေရေး ရေစုကန်၊ မြို့ရေပေးဝေရေး အပိုင်း ၅ ကို တည်ဆောက်ပြီးစီးပြီဖြစ်တာကြောင့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရေစတင်ဖြန့်ဖြူးနိုင်တော့မယ်လို့ သိရပါတယ်။ တိုင်းအစိုးရအဖွဲ့ရဲ့ ထောက်ပံ့ငွေတွေ၊ ရန်ပုံငွေတွေ၊ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှု ကျပ်သိန်း ၂,၀၀၀ ကျော်နဲ့ ဖျောက်ဆိပ်ပင် ရေပေးဝေရေး ရေစုကန်၊ မြို့ရေပေးဝေရေး အပိုင်း (၅) ကို တည်ဆောက်ခဲ့တာလို့ သိရပါတယ်။  တောင်သာမြို့နဲ့ ၂ မိုင်ခန့်အကွာက ဖျောက်ဆိပ်ပင် ရေပေးရေးစီမံကိန်းဟာ ရေချိုစီမံကိန်း ဖြစ်ပြီး တစ်ရက်ကို ရေဂါလန် ၇ သောင်းကနေ ၁ သိန်းခွဲကြား ထုတ်လွှတ်နိုင်မယ်လို့ သိရပါတယ်။ တောင်သာမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်က “တောင်သာမြို့မှာ ကနဦးပေးဝေမှုကတော့ တစ်နေ့ကို ဂါလန် ၇ သောင်းလောက်ကို စမ်းသပ်ပေးဝေမယ်လို့လည်း သိရပါတယ်။ နောက် ဒီရေတွင်းတွေ အထိုင်ကျပြီးတော့ ဒီလုပ်ငန်း ပုံမှန်လည်ပတ်သွားနိုင်တယ်ဆိုရင် တစ်နေ့ကို ဂါလန် ၁ သိန်းလောက်ထိ ထုတ်လုပ်နိုင်ပြီးတော့ လူ ၁ သောင်းခွဲလောက် ပုံမှန်ပေးဝေသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် လူဦးရေတိုးပွားလာမှု၊ အိမ်ခြေတိုးပွားလာမှုအပေါ်မှာလည်း ကြိုတင် စီမံထားပြီးသားဖြစ်ပါတယ်” လို့ ပြောပါတယ်။ တောင်သာမြို့မှာ ဖေဖော်ဝါရီလလောက်ကစပြီး ရေချိုပြတ်လတ်ကာ ဩဂုတ်လ နောက်ပိုင်းမှာမှ မိုးရေကို ပြန်လည်သိုလှောင်ရတာလို့ သိရပါတယ်။  ရေချိုပြတ်လပ်ချိန်မှာ မြို့နဲ့ ၃ မိုင်ခန့်အကွာက ရေချိုတွင်းတွေကနေ သယ်ယူကာ မြို့နေလူထုအတွက် ရေဖြန့်ဖြူးရတယ်လို့လည်း သိရပါတယ်။  ရေပြတ်လပ်သွားတာကြောင့် ၂၀၀၅ ခုနှစ်ဝန်းကျင်က ဝမ်းရောဂါတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ လည်း သိရပါတယ်။ တောင်သာဒေသခံ ဒေါ်သီသီနွယ်က “အများကြီး ပြောင်းလဲနိုင်ပါတယ်။ ဘာလို့ဆို အရင်ပေးခဲ့တဲ့ ဆည်ကနေ ရေပေးရတာလေ၊ အဲဒီဆည်ကပေးတဲ့ရေက ဆယ်လပိုင်းလောက်ဆို ဆည်ထဲ ရေမရှိတော့ဘူး။ အဲဒီတော့ မြို့က ရေက တော်တော်ရှားပါးတဲ့အနေနဲ့ ဒီတိုင်းကြီးနဲ့ နေ သွားခဲ့ရတာ။ အခု ဒီရေစီမံကိန်းပြီးသွားပြီဆိုလို့ရှိရင် ဥပမာ ဒီဆည်က ခြောက်လပေးရင် အစ်မတို့က ဒီခြောက်လဆို မြို့က ရေမရဘူးဆိုတာ၊ ရေမရှိဘူးဆိုတာ မရှိနိုင်တော့ပါဘူး” လို့ ပြောပါတယ်။ တောင်သာမြို့မှာ ရေရဖို့ ပေ ၇၀၀ ကျော်ကနေ ၁,၀၀၀ ခန့်အထိ တူးရလေ့ရှိပြီး ရေငန်ထွက်ရှိမှု ပိုများတယ်လို့ သိရပါတယ်။  မြို့ရေဖြန့်ဖြူးရေးအတွက် ဘုန်းဇဉ်ဆည်ကနေ ရေချိုဂါလန် တစ်သိန်းခွဲခန့်၊ နဘဲကန်ကနေ ရေငံဂါလန် တစ်သိန်းခွဲခန့်နဲ့ ရေငံထွက်ရှိတဲ့ လက်တူးတွင်းကျယ် နှစ်ခုကနေ  ရေစုပြီး သောက်သုံးရေ ဖြန့်ဖြူးနေရတယ်လို့ တောင်သာမြို့နယ်စည်ပင်သာယာရေးကော်မတီကနေ သိရပါ တယ်။ လက်ရှိမှာ ရေချို ရေတိုင်ငုတ် ၆၀၀၊ ရေငံ ရေတိုင်ငုတ် ၈၈၀ နဲ့ ဖြန့်ဖြူးနေတာဖြစ်ပြီး မြို့နေလူထု ၁၇၀၀၀ ခန့်အတွက် လွှမ်းခြုံမှု မရှိနိုင်ခဲ့ဘူးလို့ သိရပါတယ်။  ရေတိုင်ငုတ် နှစ်ရာခန့် ထပ်တိုးဖို့ရှိပြီး အဓိကရေပိုက်လိုင်းနဲ့ရေဖြန့်ပိုက်လိုင်း‌ စတာတွေ လိုအပ်နေပြီး လာမယ့် ၂ နှစ်အတွင်းမှာ တောင်သာတမြို့လုံး ရေပေးနိုင်တော့မယ်လို့ တောင်သာ မြို့နယ်စည်ပင်ကော်မတီထံကနေ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago
Up