တောင်မင်းကုလားကျေးရွာ

A d v e r t i s e m e n t With Us

March 9, 2020

အေအေအဖွဲ့က တနှစ်ကျော်ကြာ ဖမ်းဆီးထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပြန်လွတ်လာ

ပြီးခဲ့နှစ်ဆန်းပိုင်းကတည်းက ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနု မတ် ၇ ရက်နေ့က ပြန်လွတ်လာပါတယ်။ တောင်မင်းကုလားကျေးရွာက လက်ရှိကျေးရွာတာဝန်ခံ ဦးအောင်ဇံဝေက “မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ လွတ်လာပါတယ်။ ကျနော်တို့ကို လာအပ်တာပါ။ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ အခု သူ့မိသားစုနဲ့ အတူရှိနေပါတယ်။ ကျနော့်အိမ်နဲ့တော့ နည်းနည်းဝေးပါတယ်”လို့ ပြောပါတယ်။ တောင်မင်းကုလားကျေးရွာဟာ ကန်စောက်ကျေးရွာနဲ့ မလှမ်းမကမ်းမှာ တွေ့မြင်နေရတဲ့ (မြို) ကျေးရွာတရွာဖြစ်ပြီး ဦးထွန်းနုဟာ ပြန်လည်လွတ်မြောက်လာကြောင်း Believers Church Myanmar ကလည်း  မတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဦးထွန်းနု လွတ်မြောက်လာတဲ့ အခြေအနေကို အသေးစိတ်သိရှိနိုင်ဖို့ သူနဲ့ သူ့မိသားစုကို ဒီဗွီဘီက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။ အုပ်ချုပ်ရေးမှူး ဦးထွန်းနုကို ဇန်နဝါရီ ၁၉ ရက်နေ့ညက အမည်မသိ လက်နက်ကိုင်ဆောင်သူ ၅ ဦးက နေအိမ်ကိုလာ‌ရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မသိရှိခဲ့ဘူးလို့ ဦးထွန်းနုရဲ့ ဇနီးဖြစ်သူ ဒေါ်စန္ဒာဖြူက ဖမ်းဆီးခံရစဉ်တုန်းက ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာလည်း နိုဝင်ဘာ ၁ ရက်က အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း အေအေက ဖမ်းဆီးပြီးနောက် တိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားတယ်လို့ အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
12 months Ago
Up