တောင်ပေါ်မြို့သစ်

December 3, 2019

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တောင်ပေါ်မြို့သစ်တမြို့ ဖွင့်လှစ်

မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ဆောက်လုပ်ရေးစီမံကိန်းတခု ဖြစ်တဲ့ တောင်ပေါ်မြို့သစ်တမြို့ကို စတင်ဖွင့်လှစ်လိုက်ပြီး ဒါဟာ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ စံနမူနာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။  ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ ဘိတ်ထူ တောင်တန်းနားက မြို့သစ်ဖွင့်ပွဲမှာ ပြည်သူတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် အောင်ပွဲခံခဲ့ကြတယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။  ဒါ့အပြင် ခေါင်းဆောင်ကင်မ်ဟာ ဖွင့်ပွဲအခမ်းအနားမှာ ဖဲကြိုးဖြတ်ပေးနေတဲ့ ဓာတ်ပုံတွေကိုလည်း KCNA က ဖော်ပြခဲ့ပါတယ်။ ဆမ်ဂျီယွန်လို့ နာမည်ပေးထားတဲ့ အဲဒီမြို့သစ်မှာတော့ နေအိမ်တိုက်ခန်းတွဲအသစ်တွေ၊ ဟိုတယ်အသစ်တွေ၊ ရေခဲပြင် စကိတ်ကွင်း အပန်းဖြေစခန်းအပြင် စီးပွားဖြစ် အဆောက်အအုံတွေ၊ ယဉ်ကျေးမှုနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဆမ်ဂျီယွန်မြို့သစ်ဟာ ကိုယ်ပိုင်စီးပွားရေးနဲ့ ရပ်တည်မယ်ဆိုတဲ့ ခေါင်းဆောင်ကင်မ်ရဲ့ အကြီးဆုံး စွန့်ဦးစီးပွားရေးလုပ်ငန်းတွေထဲက တခုပါ။ ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို နိုင်ငံတကာက အရေးယူပိတ်ဆို့ခဲ့တဲ့ ရလဒ်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ လုပ်သား ပြတ်လပ်ပြီး မြို့သစ်ဆောက်လုပ်ရေးလုပ်ငန်း နှောင့်နှေးခဲ့ရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up