တောင်ဒဂုံမြို့နယ်

April 19, 2021

တောင်ဒဂုံမြို့နယ်တွင် ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ ဧပြီလ ၁၉ ရက်နေ့က  ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ.က.သ)၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ. (အ.က.သ) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂနဲ့  ပြည်သူတွေ ပူးပေါင်း သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

ချီတက်ဆန္ဒပြလူငယ်တွေက ဧည့်စာရင်းစနစ်အားရပ်တန့်စေရေး၊ အဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ကျောင်းသား၊ ပြည်သူတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်စေရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးအဖွဲ့(UNG)ကို ဝိုင်းဝန်းထောက်ခံပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြ ပါတယ်။

CJ

2 months Ago

March 30, 2021

တောင်ဒဂုံမြို့နယ်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူများထပ်တိုးလာ

ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် တပ်ဖွဲ့တွေက ဒီကနေ့ မတ်လ ၃၀ ရက် မနက် ၉ နာရီလောက်ကစတင်ပြီး ရပ်ကွက်တွေထဲကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ဦးကျဆုံးပြီး ၄ ဦးလောက် ဒဏ်ရာရရှိကာ အန်အယ်လ်ဒီ ပါတီဝင် ၁ ဦးဖမ်းဆီးခံရပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ဒီမနက် ဘူဒိုဇာတွေနဲ့  လှော်ကားလမ်းမကြီး တစ်လျှောက်ရှင်းလင်းသွားပြီး နောက် ရပ်ကွက်တွေထဲ ဝင်ရောက်စီးနင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲံကာ   တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက်စက်မှုလက်မှုသင်တန်းကျောင်းမှာ တပ်စွဲထားတယ်လို့သိရပါတယ်။

တောင်ဒဂုံမှာ ၄ ရက်ဆက်တိုက် နေ့ရောညပါဝင်ရောက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေတွေများလာပြီး  လက်ရှိကျန်ရှိနေတဲ့ ဒေသခံတွေဟာ လည်းရိက္ခာနဲ့ သောက်ရေ လိုအပ်ချက်တွေ ရှိနေပါတယ်။

ဒေသခံတဦးက ''မနက်ကတည်းက ဝင်စီးတာ၊ ဒီနေ့နဲ့ဆို ၄ ရက်မြောက်ပြီ။ နေ့တိုင်းဝင်ပစ်နေတာ။ မနေ့က‌ကော ဒီနေ့‌ လည်းထပ်ကျတယ် ။ ထိခိုက်သူတွေလည်းရှိတယ်။ အခက်အခဲကတော့ ရိက္ခာပဲ။ ဆိုင်တွေစျေးတွေမဖွင့်တော့ ဝယ်မရဘူး။ အပြင်ပါမထွက်ရတော့ပို ဆိုးတာပေါ့ ရေသည်တောင်လာမပို့တာ ၅ ရက်ရှိပြီ '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ရဲနဲ့ စစ်တပ်က ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် တောင်ဒဂုံမြို့နယ် အန်အယ်လ်ဒီ ပါတီဝင် ဦးသိန်းစိုးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အန်အယ်လ်ဒီ ပါတီဝင်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့ရသူတစ်ဦးက''ညနေ ၅ နာရီ ခွဲလောက်က ၁၀၄ အတွင်းလမ်းကနေ လမ်းကြားထဲကတက်လာပြီး ၇၀ ထဲဝင်လာတာ အကုန်လုံး အပြင်မထွက်ရဲကြဘူးမြင်တာနဲ့ပစ်တာ။ ခဏနေလောက်ကြာတော့ ဦးသိန်းစိုးကို ခေါ်သွားတာတွေ့လိုက်ရတယ်။ ဘာမှပါသွားပုံမပေါ်ဘူး။စွပ်ကျယ်နဲ့ပဲ လိုက်သွားတာ တွေ့လိုက်ရတယ် ''လို့ ပြောပါတယ်။

အကြမ်းဖက်တပ်ဖွဲ့တွေက တောင်ဒဂုံမြို့မှာ ဝင်ရောက်ဖြိုခွင်းနေတာ ဒီကနေ့နဲ့ဆိုရင် ၄ ရက်‌မြောက်ရှိပြီဖြစ်ပြီးကျဆုံးသူအတည်ပြုရသလောက် ၁၅ ယောက်နဲ့ ဒဏ်ရာရသူ အနည်းဆုံး အယောက်  ၃၀ လောက်ရှိပါတယ်။

3 months Ago
More News
Up