တောင်တွင်းကြီးမြို့နယ်

September 14, 2021

တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာက ဒေသခံပြည်သူ ၅ ယောက်ကို အကြမ်းဖက်စစ်တပ်တွေက စက်တင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တက္ကသိုလ်ကျောင်းသား ၁ ယောက်နဲ့  ပြည်သူ ၄ ယောက် ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုသူ ဒေသခံတဦးက ''Mytel တာဝါတိုင်ဖျက်တယ်လို့ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပါတယ်။ စစ်ကား ၁ စီး၊ ဆိုင်ကယ် ၈ စီး စစ်သားတွေလာပြီးဖမ်းသွားတာ။ တရွာလုံးလည်း ကြောက်ပီးပြေးတဲ့သူကပြေး။ စိတ်မကောင်းစရာမြင်ကွင်းပါ။ ဒီလိုအခြေအနေက ဘယ်လောက်ကြာနေဦးမလဲ  မသိသေးပါဘူးဗျာ။ ပြည်သူတွေ အရမ်းဒုက္ခရောက်နေပြီ" လို့ ပြောပါတယ်။

အိုးပေါက်ကျေးရွာအနီးက Mytel တာဝါတိုင်နဲ့ ကုက္ကိုကုန်းကျေးရွာအနီးက Mytel တာဝါတိုင်တွေဟာ စက်တင်ဘာလ ၁၂ ရက်နေ့က ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်ကလည်း အိုးပေါက်ကျေးရွာနဲ့ဆက်စပ်နေတဲ့ တောင်လျောင်း(ရွာမ) ကျေးရွာမှာ  Mytel တာဝါတိုင်ဖျက်ဆီးတဲ့အထဲမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီကပစ်ခတ်ခဲ့လို့ ဒေသခံရွာသား ၂ ဦးသေဆုံးပြီး ၄ ဦး ဖမ်းဆီးခံရတယ်။

1 month Ago

September 12, 2021

တောင်တွင်းကြီးမြို့နယ်၌ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က တိုက်ပွဲကျေးရွာ၊ ဖက်သန်းတပ်ကျေးရွာနဲ့ ညောင်မှော်ကျေးရွာတွေမှာ နေထိုင်တဲ့  ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို  စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖမ်းဆီးသွား ပါတယ်။

ဒေသခံကျေးရွာသားတဦးက “ဘာကြောင့်ဖမ်းတာမှန်းကို မသိရဘူး။ ဖက်သန်းတပ်ရွာကဆို ၆ ယောက်ပါသွားတယ်။ မိန်းကလေးတွေရောပဲ ။ ဟိုဘက်ရွာတွေမှာလည်း အဖမ်းခံရတဲ့သူတွေ ရှိတယ်။တွက်လို့ရသလောက် ၁၀ ဦးထက်တော့ မနည်းဘူး။ ဘယ်ခေါ်သွားမှန်းစုံစမ်းလို့မရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ယူနီဖောင်းအပြင် အရပ်ဝတ်တွေနဲ့ပါ ကျေးရွာတွေအတွင်း လှည့်ပတ်သွားလာနေတဲ့အတွက် ဖမ်းဆီးခံရမှာ၊ လူမဆန်စွာနဲ့နှိပ်စက်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အဆိုပါကျေးရွာတွေရဲ့ အနီးတဝိုက်မှာ ပ.ခ.န တပ်၊ က.ပ.စ ၁၈ တပ်နဲ့ ဆောက်လုပ်ရေး GE တပ်တွေ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

1 month Ago
More News
Up