တောင်တက်လမ်းသစ်

October 30, 2020

ပြင်ဦးလွင် တောင်တက်လမ်းသစ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၁ ဦး တွေ့ရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ လိမ်ပင်ကွက်သစ်ကျေးရွာ၊ ပြင်ဦးလွင်တောင်တက်လမ်းသစ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား ၁ ဦး တွေ့ရှိခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၇ နာရီလောက်က အမည်မသိ အမျိုးသား ၁ ဦး သေဆုံးနေတယ်လို့ သတင်းရရှိတဲ့အတွက် ပုသိမ်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး အသက် ၃၅ နှစ်ခန့်ရှိတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသူဟာ ယာဘက် ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာ ၅ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်နဲ့ လည်ဂုတ် ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး သေဆုံးသူအနီးမှာ ဖုန်းတစ်လုံး၊ ဓားမြှောင်တစ်ချောင်း၊ ဖိနပ်သုံးရံ၊ သွေးစွန်းနေတဲ့ ကျောက်ခဲတစ်လုံးနဲ့ ဦးထုတ်တစ်လုံးတို့ကို သက်သေခံပစ္စည်းအနေနဲ့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အမည်၊ နေရပ်၊ လိပ်စာနဲ့ ပြစ်မှုကျူးလွန်သူတွေကိုတော့ စုံစမ်းစစ်ဆေးနေပြီး ပုသိမ်ကြီးမြို့မရဲစခန်းမှာ (ပ)၅၆၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

2 years Ago
Up