တောင်ကြီးတက္ကသိုလ်

September 5, 2020

တောင်ကြီးတက္ကသိုလ်တွင် Quarantine ဝင်နေသူတဦး နှလုံးရောဂါကြောင့် သေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီး တက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦးဟာ နှလုံးဖောက်ပြီး စဝ်စံထွန်းဆေးရုံမှာ စက်တင်ဘာ ၄ ရက်နေ့ ည ၁၂ နာရီကျော်လောက်က သေဆုံးသွားတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက “သူက မောတယ်၊ အသက်ရှူကျပ်တာ ဖြစ်တယ်ပေါ့နော်၊ အဲဒီတော့ ည ၉ နာရီအချိန်မှာ စဝ်စံထွန်းဆေးရုံကို လွှဲလိုက်တာ။ ရောက်တာနဲ့ လိုအပ်မှုတွေ ကုသစစ်ဆေးတယ်ပေါ့၊ သိပ်မဆိုးသေးဘူး ဆေးရုံတင်ထားတယ်။ ည ၁၂ ခွဲမှာတော့ နှလုံးခုန်မမှန်ဘဲနဲ့ ဆုံးသွားတယ်။ ကြည့်ရတာ သူ့မှာ ရောဂါအခံ ရှိပုံရတယ်။ ခက်တာက ဗမာစကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူး။ ရှမ်းပဲ တတ်တဲ့အခါကျတော့ ဆေးရုံက သူ့ရဲ့ရောဂါနောက်ခံလိုက်ဖို့ အခက်ခဲရှိနေတယ် ချက်ချင်းမသိနေဘူးပေါ့” လို့ ပြောပါတယ်။ သေဆုံးသွားသူကို ဓာတ်ခွဲနမူနာယူပြီး ဒီကနေ့ ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲဌာနကို ပို့ပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံပြန် မြဝတီဘက်ကတဆင့် တောင်ကြီးကို ရောက်ရှိတာ ၂ ရက်ရှိပြီ ဖြစ်ပါတယ်။ သေဆုံးသူဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် ဘော်ကြိုအုပ်စု ဟိုမော်စာကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးတက္ကသိုလ်မှာ ပြည်ပကပြန်လာပြီး Quarantine ဝင်နေသူ ၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။
1 year Ago

March 29, 2020

တောင်ကြီးတက္ကသိုလ်ပိုင် တိုးချဲ့မြေပေါ် ကျူးကျော်သူများကို ဖယ်ရှား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေပေါ်မှာ အကွက်ရိုက် ကျူးကျော် နေထိုင်သူတွေကို ဒေသခံအာဏာပိုင်တွေက မတ် ၂၈ ရက်မနက်က စတင် ဖယ်ရှားလိုက်ပါတယ်။ တက္ကသိုလ်ကျူးကျော်မြေနေရာကိစ္စကို ဖြေရှင်းဖို့ နေပြည်တော် အဆင့်မြင့်ပညာရေးဦးစီးဌာနကလည်း ညွှန်ကြားလာသလို  ရှမ်းပြည်နယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်နဲ့ ပေါင်းပြီး ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် ဖယ်ရှား ရှင်းလင်းတာ ဖြစ်ပါတယ်။ ကျူးကျော် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ တောင်ကြီးတက္ကသိုလ်က နို့တစ်စာ အကြိမ်ကြိမ်ထုတ်ပြီး ကပ်ထားပေမယ့် ဖယ်ရှားခြင်းမရှိတဲ့အတွက် အမိန့်ရအာဏာနဲ့ ဖယ်ရှားလိုက်တာလို့ တောင်ကြီးတက္ကသိုလ် စီမံ/ဘဏ္ဍာ ဌာနမှူး ဒေါ်နန်းခမ်းက ပြောပါတယ်။ အဲဒီကျူးကျော်မြေပေါ်နေထိုင်တဲ့သူတွေဟာ မြေပိုင်ဆိုင်တဲ့ အထောက်အထားမရှိဘဲ ပလပ်မြေဖြစ်ကြောင်း သတင်းကြားလို့ လာရောက်နေထိုင်သူတွေ ရှိသလို နေစရာမရှိလို့ ဒါမှမဟုတ် မြေကွက်ရောင်းသူရှိလို့ ဝယ်ယူနေထိုင်သူတွေလည်း ရှိနေပါတယ်။ ဖယ်ရှားခံရသူတွေအနေနဲ့ကတော့ သူတို့ကို ဖယ်ရှားခိုင်းတဲ့အချိန်မှာ အသနားခံစာတွေ တင်ထားပေမယ့် ဘာမှမထူးဘူးလို့  တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေပေါ် နေထိုင်သူ ဒေါ်ရီမွန်ထွန်းက ပြောပါတယ်။ တောင်ကြီးတက္ကသိုလ်တိုးချဲ့နယ်မြေဟာ တက္ကသိုလ်အတွက် လိုအပ်တဲ့ သုတေသန နေရာ၊ နယ်ဝေး ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ တိုင်းရင်းသားပေါင်းစုံကျောင်းသား စုစည်းရာနေရာ၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသားသမဂ္ဂအဖွဲ့ရုံး၊ ဆရာသမဂ္ဂအဖွဲ့ရုံး စတာတွေ တည်ဆောက်ဖို့ ရည်ရွယ်ထားတာပါ။ တောင်ကြီးတက္ကသိုလ် တိုးချဲ့မြေဟာ ၁၁၄ ဒသမ ၁၉ ဧကရှိပြီး လက်ရှိ သွပ်မိုး၊ သွပ်ကာအိမ် ၃၁ လုံး၊ တဲအိမ် ၁၈ လုံး၊ သွပ်မိုးထရံကာအိမ် ၂၇ လုံး၊ ဝါးအိမ် ၁လုံး၊ အုတ်ရိုက်ကွင်း ၁ ကွက်၊ ခြံစည်းရိုး ခတ် ၁၄ ကွက်၊ ဖောင်ဒေးရှင်းချ ၁ ကွက်၊ သွပ်မိုးပျဉ်အုတ် နှစ်ထပ်အိမ် ၁ လုံး၊ သဲကျင်း ၃ ကွက်၊ စာသင်ကျောင် လျာထားနေရာ ၁ ကွက်၊ စသဖြင့် ကျူးကျော်သူ ၁၀၄ နေရာ ရှိပါတယ်။ တောင်ကြီးတက္ကသိုလ် တိုးချဲ့နယ်မြေဟာ ၁၉၉၃ ခုနှစ်က သစ်တောကြိုးဝိုင်းကနေ စွန့်လွှတ်ပေးထားတာဖြစ်ပြီး  ပုံစံ ၁၀၅၊ ၁၀၆ ထွက်ထားပြီးသားမြေလည်းဖြစ်ပါတယ်။ ခွန်ရာဇာ
2 years Ago
Up