တောင်ကြီးဆန္ဒပြပွဲ

March 2, 2021

တောင်ကြီးဆန္ဒပြပွဲ မျက်ရည်ယိုဗုံး၊ ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခံရ ထိခိုက်ဒဏ်ရာရသူရှိ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ဒီကနေ့မနက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတဲ့ သပိတ် စစ်ကြောင်းကို စစ်တပ်နဲ့ ရဲက  မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ရာနဲ့ချီတဲ့ပြည်သူတွေဟာ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်ကနေလျှောက်လာကြစဉ် မနက်၁၀ နာရီကျော်လောက်မှာတော့ ရဲ နဲ့ စစ်တပ်တွေရောက်လာပြီး  သေနတ်နဲ့ချိန်၊  မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲလို့ ကစင့်ကလျားထွက်ပြေးရာမှာ တချို့ ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးတဲ့လူတွေကိုလည်း နောက်ကလိုက်ဖမ်းနေလို့ နီးစပ်ရာအိမ်တွေထဲ ဝင်ရောက်ပုန်းခိုနေရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီကနေ့ ဆန္ဒပြသူတွေ အရှေ့မြို့ပတ်လမ်းကနေ အထက ၄ မီးပွိုင့်လမ်းဘက်တက်သွားတဲ့ အခါမှာ ရဲတွေရောက်လာပြီး လမ်းတွေအကုန်ပိတ်ဆို့ပစ်တယ်။ သူတို့ဆီမှာ လူဖမ်းဖို့ အချုပ်ကား တွေရော ပါလာတယ်။ အေးဆေးသွားနေတဲ့ဟာကို သေနတ်နဲ့ချိန်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်။ သေနတ်နဲ့လည်း ပစ်တယ်။ ရာဘာကျည်လို့ပြောပြီး သေနတ်ထဲမှာဘောစေ့လို ဂေါ်လီလုံးသေးသေးလေးတွေပါတယ်။ နောင့်တို့လည်း ထွက်ပြေးခဲ့ရပါတယ်။ အရှေ့က ကောင်လေးတစ်ယောက် သူ့လက်မောင်းကို ရာဘာကျည်မှန်သွားတယ်။ တခြားလူတွေလည်းထိ တယ်လို့ ပြောနေတယ်။ ဒါပေမဲ့ ကိုယ်လည်းလွတ်အောင်ပြေးရတော့  ဘယ်သူ့မှ လှည့်မကြည့်နိုင်ဘူး။ တချို့က နီးစပ်ရာအိမ်တွေထဲ ဝင်ပြေးတယ်။ အထက ၅ ယာယီဈေးဘက်ဖြတ်လာတုန်း လမ်းဘေးမှာ ပစ္စည်းတင်ဖို့ ခဏ ရပ်ထားတဲ့ကားကို ဖယ်မပေးရကောင်းလားဆိုပြီး ကားမှန်ကို ရိုက်ခွဲပစ်တယ်။ သူတို့က ဆန္ဒမပြဘူး ဈေးလာဝယ်တာ။ ကားကိုလမ်းဘေးမှာချထားပေးတာ ၊  တော်တော်မိုက်ရိုင်းပါတယ်”။

အခုလို ရိုက်ခွဲခံရတာ ကားတင်မကဘဲ ဆိုင်ကယ်တွေပါပါကြောင်း ၊ ပြေးလွှားရင်း ရဲနဲ့ ပက်ပင်းတိုးတဲ့လူတွေကို လက်ကိုင်ဖုံးစစ်ပြီး  အထဲမှာဆန္ဒပြပုံတွေ ရိုက်ထားတာ သိမ်းထားတာတွေ့ရင် ပြဿနာလုပ်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

မင်္ဂလာဦးရပ်ကွက်နေ အိမ်ရှင်မတဦးကလည်း အိမ်ထဲမှာ ချက်ပြုတ်နေစဉ် သေနတ်သံတွေကြားတော့ လမ်းပေါ်ထွက်ကြည့်ရာမှာ သူတို့လမ်းထိပ်မှာ ရဲကား ၊ စစ်ကားတွေ အများကြီးရောက်နေပြီး ပုန်းနေတဲ့ဆန္ဒပြသူတွေ ထွက်လာဖို့ မကြာမကြာသေနတ်ဖောက်ပြီး ချောက်လှန့်နေတယ်လို့ ဆိုပါတယ်။ 

အဆိုပါနေရာကနေ ထွက်ပြေးလွတ်မြောက်လာတဲ့သူတချို့ဟာ နောက်ထပ်တနေရာမှာ ပြန်စုမိပြီး ဒုတိယအကြိမ်ဆန္ဒပြတဲ့အခါမှာလည်း နောက်ထပ်လူစုပြန်ခွဲခဲ့ကြောင်းနဲ့ မလိုက်နာ ဘူးဆိုရင် တကယ့်ကျည်ဆန်အစစ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ 

အခုလို အကြမ်းဖက်နှိမ်နင်းခံနေရပေမယ့်  ဇွဲမလျှော့ဘဲ နောက်နေ့တွေမှာ လည်း  အာဏာသိမ်း စစ်တပ်ကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ဆန္ဒပြသွားမယ်လို့  ဆန္ဒပြလူငယ်တွေက ပြောပါတယ်။  

ဓာတ်ပုံ - ခွန်ရာဇာ

11 months Ago

November 18, 2020

တောင်ကြီးဆန္ဒပြပွဲကို အကြောင်းအရာမသိဘဲ လိုက်လာမိခဲ့ဟု ပအိုဝ်းတိုင်းရင်းသားများပြော

မနေ့က တောင်ကြီးမြို့မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို အကြောင်းအရာမသိဘဲ သူများခေါ်လို့ လိုက်လာခဲ့တာဖြစ်တယ်လို့ ပအိုဝ်းတိုင်းရင်းသားတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ရှုတ်ချဆန္ဒပြရာမှာ ပါတီဝင်အနည်းငယ်သာပါပြီး ပအိုဝ်းတိုင်းရင်းသား အများစုပါဝင်တာ ဖြစ်ပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ပအိုဝ်းတိုင်းရင်းသား ဦးထွန်းသက်က “သူများခေါ်လို့လိုက်လာတာ။ ဒီရောက်မှ ဒီလိုဖြစ်တာ သိလိုက်တယ်။ တောင်ကြီးကိုတက်မယ်ဒီနေ့ အဲလိုပဲပြောတာ။ ဘာလုပ်မယ်ဆိုတာ မသိခဲ့ဘူး၊ ဆန္ဒပြတာတွေ့တော့ ကျနော်တို့က စိတ်ထဲကောင်းသလို မကောင်းသလိုလိုပဲ အကြောင်းအရာ မသိဘူးလေ အဲလိုပဲပြောရမယ်”လို့ ပြောပါတယ်။ ပြဿနာဖြစ်မှာစိုးလို့ လုံခြုံရေးအတွက်ခေါ်တာဆိုပြီး ဆန္ဒပြတဲ့နေရာမှာ ရောက်တော့ ပါတီတာဝန်ရှိသူတွေက ဆန္ဒပြတဲ့ဗီနိုင်းတွေ ကိုင်ဆောင်စေပြီး အတူဆန္ဒပြခဲ့ရတာဖြစ်ပြီး ကိုယ့်စားရိတ်နဲ့ကိုယ်လာရသလို ငွေကြေးတစုံတရာရရှိခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ ပအိုဝ်းတိုင်းရင်းသား ဦးတစွေ့က “ကျနော်တို့ကို အမိန့်လာတာ လုံခြုံရေးအတွက်ဖြစ်တယ်၊ တစုံတရာ မကျေနပ်တာမဟုတ်ဘူး လုံခြုံရေးပဲ။ သူတို့ပါတီအချင်းချင်း မကျေနပ်ကြတာဖြစ်တယ်။ ပြဿနာဖြစ်မှာစိုးလို့ လုံခြုံရေးယူတာဖြစ်တယ်။ ကျနော်တို့အဖွဲ့က အမျိုးသားလုံခြုံရေးကွန်ယက်ပါ။ ဆန္ဒဖော်ထုတ်ဗီနိုင်းတွေ ကျနော်တို့ မကိုင်ဘူး။ ပါတီတွေက ကိုင်ခိုင်းတာပါ။ ကျနော်တို့က လုံခြုံရေးအတွက်ခေါ်တာဖြစ်တဲ့အတွက် ကျနော်တို့လူတွေ မကိုင်နဲ့လို့ ပြောလိုက်တယ်”လို့ ပြောပါတယ်။ ဒီဆန္ဒပြရာမှာ ပြည်သူအနေနဲ့ သူ့တို့ဆန္ဒနဲ့ပူးပေါင်းတာဖြစ်သလို အတင်းမခေါ်ရဘူးလို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဝင် ဦးဝင်းဗိုလ် က ပြောပါတယ်။ ဆန္ဒပြရာမှာ ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ လူ ၃၀ ထက်မပိုတဲ့အကြောင်း ဆန္ဒပြသူ ၃၀ ဝန်းကျင်မှာ အမျိုးသားလုံခြုံရေးကွန်ယက်အဖွဲ့ဝင်ပအိုဝ်းတိုင်းရင်းသား ၁၈ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ DNPဟာ အငြိမ်းစားဗိုလ်ချုပ်တွေ ဦးဆောင်တဲ့  ပါတီဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ဟာ စစ်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီး (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ အနေနဲ့ လွှတ်တော် နေရာ တစ်နေရာမှ အနိုင်ရခဲ့တာမရှိပါဘူး။  သတင်း- ခွန်ရာဇာ
1 year Ago
Up