တောင်ကြီး

November 6, 2021

တောင်ကြီးလျှပ်စစ်ရုံးအနီး ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းပေါ်က လျှပ်စစ်ရုံးနားမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲတာဟာ ငါးထပ်ဓမ္မာရုံရှေ့  လျှပ်စစ်ရုံးအနီး လမ်းလယ်ကျွန်းမှာ  ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“မနက် ၁၀ နာရီလောက်က ပေါက်တာ အသံကတော့ အတော်ကျယ်တယ်။ မြို့နယ်လျှပ်စစ်ရုံးနားမှာ ပေါက်တာ။ အရင်ရက်တွေကတော့ မီတာဆောင်သူတွေ များတယ်။ ဗုံးပေါက်တာတော့ အထိအခိုက်တော့ မရှိဘူး” လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေက ပြည်သူတွေကို အတင်းအကြပ် မီတာခ ပေးဆောင်ဖို့ ဖိအား ပေးနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့  Special Force 22 အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

4 weeks Ago

October 14, 2021

တောင်ကြီးတွင် ပြုပြင်လက်စတိုက်ပြိုကျ အလုပ်သမား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြုပြင်မွမ်းမံဆဲ တိုက်အိမ်ပြို ကျတာကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။

တောင်ကြီးမြို့ သစ်တောရပ်ကွက် ဇောတိကလမ်းထဲက အိမ်တစ်အိမ်မှာ မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကူညီကယ်ဆယ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ဒီဗွီဘီကို ပြောပါတယ်။ 

“ဖြစ်သွားတာကတော့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာပါ။ ကျနော်တို့ဆီကို အကြောင်းကြားချက်ကတော့ ၁၂ နာရီ ၄၅ မှရောက်တယ်။ ကျနော်တို့တပ်ဖွဲ့ဝင် နဲ့ မီးသတ်ဌာန၊ အထွေထွေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါ သွားကူကြပါတယ်။ ပထမတစ်ယေက်ကို အဲဒီက အလုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့တယ်။ အသက်က ၂၀ ကျော် ၃၀ ဝန်းကျင်ရှိမယ်၊ သူကခါးလောက်ထိသွားတယ်၊ အခု ဆေးရုံမှာ ခွဲစိပ်ခန်းဝင်နေပြီ။ နောက်ထပ်တစ်ယောက်ကတော့ အလောင်းအနေနဲ့ပဲပြန်ရတယ်၊ အသက် ၂၀ ကျော်လူငယ်လေးပါ၊ စလစ်ပြားပိပြီးဆုံးသွားတာ။”   

သေဆုံးသူနဲ့ ဒဏ်ရာရသူ ၂ ဦးလုံးမှာ ဆောက်လုပ်ရေးအလုပ်သမားတွေဖြစ်ပြီး အခင်းဖြစ်ချိန်က အလုပ်သမား ၁၀ ကျော် အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ 

အဆိုပါအဆောက်အအုံမှာ ပြုပြင်မွမ်းမံဆဲတစ်ထပ်တိုက်ဖြစ်ပြီး ခေါင်မိုးပြိုကျတာ ဖြစ်ကြောင်း၊ မတော်တဆထိခိုက်မှုလား၊ ပေါ့ဆမှုကြောင့်လားဆိုတာကို သက်ဆိုင်ရာက အိမ်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးနေဆဲပဲလို့ ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတို့ကို ကြက်ခြေနီအသင်း သူနာတင်ယာဉ်နဲ့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

2 months Ago
More News
Up