တောင်ကိုရီးယား နိုင်ငံသား ၄ ဦး သေဆုံး

August 31, 2020

အမေရိကန် သံချပ်ကာကားနှင့်တိုက်မိပြီး တောင်ကိုရီးယား နိုင်ငံသား ၄ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့တော် မြောက်ဘက်က ပိုချုံမြို့မှာ သြဂုတ် ၃၀ ရက် ညက အမေရိကန် သံချပ်ကာကားတစီးနဲ့ SUV ကားတစီး တိုက်မိအပြီး တောင်ကိုရီးယား နိုင်ငံသား ၄ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ ည ၉ နာရီခွဲလောက်မှာ ရိုဒရီဂဲ့ဇ် သေနတ်ပစ်ကွင်းနားမှာ အသက် ၅၀ ကျော်အရွယ် စုံတွဲနှစ်တွဲ စီးလာတဲ့ SUV ကားက အိမ်အပြန်လမ်းမှာ အမေရိကန် သံချပ်ကာကားကို နောက်ကနေ ဝင်တိုက်မိတာပါ။  သူတို့ကို ဆေးရုံခေါ်သွားကာ အရေးပေါ်ကုသမှုပေးခဲ့ပေမဲ့ သေဆုံးခဲ့ပြီး အမေရိကန် ဒဏ်ရာအနည်းငယ်ရ စစ်သည်တဦးလည်း ဆေးရုံတင်ထားရတယ်လို့ တောင်ကိုရီးယားအခြေစိုက် ယုံဟပ်သတင်းဌာနက ပြောပါတယ်။ ကားတိုက်တဲ့အရှိန်ပြင်းလို့ သူတို့စီးလာတဲ့ SUV ကားဟာ မမှတ်မိနိုင်လောက်အောင် ပျက်စီးခဲ့ပြီး သံချပ်ကာကားရဲ့ ချိန်းကြိုးတပ်ဘီး ညာဘက်ခြမ်းလည်း ပျက်စီးသွားပါတယ်။  ကားတိုက်မှုဖြစ်တဲ့လမ်းဟာ အမေရိကန် သံချပ်ကာယာဉ်တွေ မကြာခဏ သုံးလေ့ရှိတဲ့ လမ်းဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုအပြီး ဂမ်းဝမ်ခရိုင် ချီယိုဝန်မြို့က အခြေစိုက်စခန်းကို အပြန်လမ်းမှာ ကားတိုက်ခံရတာလို့ ရဲက ပြောပါတယ်။ ရဲတွေက ကားတိုက်မှုဖြစ်ရတဲ့အကြောင်းကို စုံစမ်းစစ်ဆေးနေတယ်။ ကားမောင်းသူကို ရင်ခွဲစစ်ဆေးဖို့ တောင်းဆိုထားတယ်လို့ ကိုရီးယားတိုင်းမ်စ်သတင်းဌာနက အစီရင်ခံပါတယ်။ တောင်ကိုရီးယား၊ အမေရိကန် ပူးပေါင်းတပ်ခွဲ (USFK) နဲ့ တပ်မဟာ ၈ တို့ဟာ အမှုစစ်ဆေးရာမှာ ကိုရီးယား အမျိုးသားရဲတပ်ဖွဲ့နဲ့အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ် (USFK) က သြဂုတ် ၃၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်စစ်တပ်က “သေဆုံးသူတွေနဲ့ မိသားစုဝင်တွေကို လေးစားသောအားဖြင့် အဲဒီဒေသမှာ စစ်ရေးလေ့ကျင့်တာကို ယာယီရပ်ဆိုင်းထားတယ်။ ဒီဖြစ်ရပ်မှာ နစ်နာဆုံးရှုံးသူတွေအတွက် အနက်ရှိုင်းဆုံး စာနာမိတယ်” လို့  ပြောထားပါတယ်။
1 year Ago
Up