၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲကို တရားဝင် အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အင်္ဂါနေ့က ပြောတဲ့ မိန့်ခွန်းအတွင်း ထပ်ပြီး ဆော်သြလိုက်ပါတယ်။
တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံနဲ့ အမေရိကန်အပါအဝင် သုံးပွင့်ဆိုင်၊ ဒါမှမဟုတ် တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ၊ အမေရိကန်နဲ့ တရုတ်တို့ အပါအဝင် လေးပွင့်ဆိုင် အတူစုပြီး ကိုရီးယားကျွန်းဆွယ် စစ်ပွဲအဆုံးသတ်ကြောင်း ကြေညာဖို့ အဆိုပြုပါတယ်လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယားဟာ တိုက်ပွဲရပ်ရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစားထိုးဖို့ ကိုရီးယားစစ်ပွဲ တရားဝင်ရပ်စဲရေးအတွက် ကြိုးစားနေခဲ့တာ ကြာပါပြီ။
ဒါပေမယ့် တရားဝင် ငြိမ်းချမ်းရေး စာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲလို့ အမေရိကန် နဲ့ ကုလသမဂ္ဂတို့က မှတ်ယူထားပါတယ်။
သမ္မတ သက်တမ်းတလျှောက်လုံး မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို တက်တက်ကြွကြွ ကြိုးစားနေခဲ့တဲ့ မွန်ကတော့ ခုလို ကြေညာခြင်းဟာ နျူကလီးယား အစီအစဉ် စွန့်လွှတ်ဖို့ မြောက်ကိုရီးယားကို အားပေးလိမ့်မယ်လို့ ငြင်းခုံပြောဆိုထားပါတယ်။
အမေရိကန်အစိုးရကတော့ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်တွေကို အရင် စွန့်လွှတ်ရလိမ့်မယ်လို့ ပြောထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၁ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းပြောရာမှာ အမေရိကန်ဟာ ကိုရီးယား ကျွန်းဆွယ်အကြွင်းမဲ့ နျူကလီးယား ချုပ်ငြိမ်းရေးကို ဆောင်ကြဉ်းဖို့ လေးနက်ပြီး ရေရှည်တည်တံ့တဲ့ သံခင်းတမန်ခင်းကို ကြိုးစား ရယူသွားမယ်လို့ ပြောခဲ့ပါတယ်။