တအောင်းတပ်ဖွဲ့

September 21, 2016

ရှမ်းနှင့်တအောင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် လူမျိုးရေးပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့က ရွာတချို့မှာ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ လူမျိုးရေးပဋိပက္ခအထိ ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ “အရင်က ရှမ်းရယ်၊ ပလောင်ရယ် မရှိဘူး။ သူငယ်ချင်းတွေ အတူတူခေါ်ပြောဆက်ဆံ ကြတယ်။ တိုက်ပွဲတွေ ဖြစ်လာပြီးနောက်ပိုင်း ကိုယ့်သူငယ်ချင်းအရင်းတွေတောင် လမ်းမှာ တွေ့ရင် သူ့ကိုယ့်မခေါ် ကိုယ်ကသူ့မခေါ်ရဲတာတွေ ဖြစ်လာတယ်။ ဒါတွေဟာ ကြာလာရင် လူမျိုးရေးနဲ့ချီ ပဋိပက္ခ ဖြစ်သွားမှာ စိုးရိမ်မိတယ်”လို့ ကျောက်မဲမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ လူမျိုးရေး ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အပေါ် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) ကျောက်မဲမြို့ လူထုဆက်ဆံရေးတာဝန်ခံ နန်းမိုးမိုးစောက “ကျမတို့ ဘက်ကရွာမှာဆိုရင် ကိုယ့်ဘက်သားတွေကိုလည်းထိန်းတယ်။ လူမှုရေး ပြဿနာဖြစ်လာစေနိုင်မယ့် အပြောအဆို အနေအထိုင် အကုန်လုံးကိုဆင်ခြင်ခိုင်းတယ်။ ကျမတို့ကလည်း အဆင်ပြေတဲ့ ရွာတွေ ဆိုရင် သူတို့ကိုပြောပြတယ်။ ကျွန်မတို့ကလူမျိုးရေး ပြဿနာမဖြစ်စေချင်ဘူး။ ပြည်သူတွေ အနေနဲ့ကတော့ ချစ်ချစ်ခင်ခင် နေစေချင်တယ်။ အရင်လိုပဲသွားစေချင်တယ်။ တပ်ကတော့ တနေ့ တစ်ချိန်မှာစကားပြောပြီးတော့ ငြိမ်းချမ်းရေး ရနိုင်မယ့် အခြေအနေမှာရှိတယ်။ အဲ့ဒီအချိန်မှာသာ ကျမတို့ ပြည်သူတွေက တဦးနဲ့ တဦး အမုန်းပွားနေရင် ကျွန်မတို့ ရှမ်းပြည်ကဘာမှ ရစရာမရှိ ဖြစ်သွားမှာကို။ အဲဒါကြောင့် ရှမ်းနဲ့ ပလောင်ဟာအတူတကွ ယှဉ်တွဲနေထိုင်လာတဲ့အတိုင်း ပြဿနာမဖြစ်စေချင်ဘူး ” လို့ ပြောပါတယ်။ ရှမ်းပြည်တပ်မတော်ထဲမှာ ရှမ်းတိုင်းရင်းသားတင် မဟုတ်ဘဲ ပလောင်အမျိုးသားတွေ လည်း ပါဝင်နေတာကြောင့် ရှမ်းပြည်နယ် ပြည်သူ့အတွက်သာ ကာကွယ်ပေးနေတာဖြစ်ပြီး ရှမ်း လူမျိုးတမျိုးတည်းအတွက် အလုပ်လုပ်နေတာ မဟုတ်ကြောင်း နန်းမိုးမိုးစောက ဆိုပါတယ်။ တအာင်းပလောင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှကျော်ကလည်း ရှမ်း၊ ပလောင် တိုင်းရင်းသားလူငယ်တွေကြားမှာ လူမျိုးရေးပြဿနာတွေ မဖြစ်အောင် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတယ်လို့ စက်တင်ဘာ ဒုတိယပတ်က ပြောပါတယ်။ ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကတော့ ပဋိပက္ခဖြစ်လာနိုင်တဲ့ စိုးရိမ်မှုနဲ့ပတ်သက်ပြီးသူ့အမြင်ကို အခုလို ပြောပါတယ်။ “စစ်ပွဲဖြစ်တာကနေ ဒီလိုကိစ္စတွေ ပါလာတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး။ အချိန်တခုဆိုရင် ပြန်ကုစားနိုင်တဲ့ အနေအထားပေါ့။ ၀န်ခံပါတယ်။ အနည်းအကျဉ်းတော့ ရှိပါတယ်။ ဒါပေမယ့် လူမျိုးတမျိုးနဲ့တမျိုး သတ်ဖြတ်ရလောက်အောင် အဲ့လောက်အဆင့် မရှိဘူး။ ချစ်ချစ်ခင်ခင် မဟုတ်တောင် တယောက်နဲ့ တယောက် လူမျိုးရေး မုန်းတီးနိုင်တဲ့ အထိတော့ မဖြစ်နိုင်ဘူး။” ရှမ်းတိုင်းရင်းသားနဲ့ တအာင်းပလောင် တိုင်းရင်းသားတို့အကြား အခုလို ခံစားမှုတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို အတိကျ မသိရပေမယ့် ကြားပယောဂတချို့ကြောင့်လို့ ယူဆစရာရှိနေပြီး အဖွဲ့အစည်းနှစ်ခုအကြား ပွတ်တိုက်မှုဖြစ်လာဖို့ တမင်ရည်ရွယ်တဲ့ အမည်ခံဆိုရှယ်မီဒီယာ Facebook အကောင့် အတုတွေလည်း ရှိနေကြောင်း စိုင်းထွန်းဉာဏ်က ဆက်လက်ပြောခဲ့ပါတယ်။ ဒေသတွင်းနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ပြည်သူအချင်းချင်းသွေးကွဲစရာ မရှိကြောင်း တဦးနဲ့တဦးလည်း အမုန်းတရားအကြောင်းမဲ့ ထားရှိစရာမလိုဘူးလို့ ဆိုပါတယ်။ အဲ့ဒီ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာဟာ နယ်မြေဒေသကိုယ်ပိုင် ပြဋ္ဌာန်းလိုတဲ့အကြောင်းရင်းကနေ တိုက်ပွဲတွေ ဖြစ်လာတာလို့ ကျောက်မဲ မြို့မရဲစခန်းစခန်းမှူး ရဲမှူး ၀င်းခိုင်က သုံးသပ်ပြောကြားခဲ့ပါတယ်။ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တို့ဟာ အရင်အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှောင်းပိုင်းအချိန်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကုန်ကနေ ၂၀၁၆ စက်တင်ဘာအထိ ရှမ်းပြည်တပ်မတော်နဲ့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေ ရာချီရှိခဲ့တယ်လို့လည်း တအာင်းဒေသခံလူငယ်တဦးက ပြောပါတယ်။ မင်းရဲစစ်နိုင်
5 years Ago

September 22, 2015

တဖွဲ့ချင်းအပစ်ရပ်ဆွေးနွေးဖို့ တအာင်းတပ်ဖွဲ့ကို အစိုးရကမ်းလှမ်း

အစိုးရက တဖွဲ့ချင်းစီနဲ့ အပစ်ရပ်လက်မှတ်ကိစ္စဆွေးနွေးဖို့ တအာင်းပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ဆက်သွယ်အကြောင်းကြားပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က စက်တင်ဘာ ၁၈ ရက်နေ့က ဖုန်းဆက်အကြောင်းကြားတယ်လို့ PSLF အတွင်းရေးမှူး တာ့ဘုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။ “အဓိကတော့ အစိုးရက မြန်မာသမ္မတကြီးဦးသိန်းစိန်က သဘောထားတွေ ပြောင်းလာပြီ။ စစ်တပ်ကလည်း သူပြောတာတွေကို သဘောတူတယ်။ ကျနော်တို့ကို ဘိုင်လက်ထရယ်အဂရီးမင့် နှစ်ဦးသဘောတူ လက်မှတ်ထိုးဖို့ ကမ်းလှမ်းတာပါ။ အဲဒါကမ်းလှမ်းပြီး ‘ကျနော်တို့ မြန်မြန်လုပ်နိုင်မယ်ဆိုရင် အများနဲ့နည်းတူ အန်စီအေ၊ တပြည်လုံးအတိုင်းအတာ အပစ်ရပ်စာချုပ်ကို ထိုးလို့ရတယ်။ တကယ်လို့ မမီဘူးဆိုရင်လည်း ကျနော်တို့ ဘိုင်လက်ထရယ်လုပ်ပြီးတော့ သူများနောက်ကို လိုက်လို့ရတယ်။ အဲဒီအခွင့်အရေးကို ကျနော်တို့ကို စပယ်ရှယ်ပေးတာပါ၊ အဲလိုကမ်းလှမ်းတယ်’ ဆိုပြီးတော့ ကျနော့်ကို အကြောင်းကြားတာပါ။ သူတို့က ချင်းမိုင်မှာ တွေ့ဖို့ ပြောပါတယ်။ ကျနော်တို့က  ချင်းမိုင်မှာ ကိုယ်စားလှယ်မရှိတာကြောင့် လောလောဆယ်တွေ့ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြန်ပြောခဲ့ပါတယ်” လို့ ပြောပါတယ်။ လက်ရှိမှာ PSLF ဗဟိုကော်မတီအစည်းအဝေးရှိနေပြီး နောက်သုံးရက်ခန့်အကြာ အစည်းအဝေးအပြီးမှာ အကြောင်းပြန်ကြားနိုင်မှာဖြစ်တယ်လို့သူက ပြောပါတယ်။ PSLF အဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပါတယ်။ လတ်တလော ရှမ်းပြည်မြောက်ပိုင်းမှာ အခြေပြုလှုပ်ရှားနေပြီး အစိုးရတပ်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးရာမှာ PSLF ပါဝင်ရေးထိုးမှုကို အစိုးရဘက်က ကနဦးပိုင်း ကန့်သတ်ထားရာက ဒီလ ၉ရက်နေ့ နေပြည်တော်မှာ သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ PSLF ကို ဘိုင်လက်ထရယ်ရေးထိုးပြီး တပြည်လုံးအပစ်ရပ်စာချုပ်လက်မှတ်ထိုးရာမှ ပါဝင်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။ PSLF ရဲ့ မဟာမိတ် ရခိုင်တပ်မတော် AA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ကိုတော့ အန်စီအေလက်မှတ်ထိုးရေးကိစ္စကို သမ္မတက ကတိမပြုခဲ့ပါဘူး။ ၂ ဖွဲ့ချန်ထားတဲ့အခြေအနေနဲ့ပတ်သက်လို့ တာ့ဘုန်းကျော်က “အဲဒါနဲ့ပတ်သက်လို့ ကိုညိုအုန်းမြင့် ဖုန်းဆက်တုန်းက ကျနော်လည်း ပြောပြပြီးပါပြီ။  တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ဆိုတာ ၁၅ အပေါင်း ၁ ပေါ့၊ သူတို့ရပြီးသား ၁၅ ဖွဲ့ရယ် ကျနော်တို့ကို နောက်တဖွဲ့ထပ်ပေါင်း ဘိုင်လက်ထရယ်ထိုးပြီးမှ ပေါင်းရုံနဲ့တော့ မပြီးဘူးလို့ ကျနော်တို့မြင်တယ်။ တိုက်ပွဲတွေဖြစ်နေတာက MNDAA ရော၊ AA ရော၊ အဲဒီမှာ ကျနော်တို့တပ်ဖွဲ့ကလည်း ရောနှောနေနေတယ်။ ဆိုတော့ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့ဆိုရင်တော့၊ ကျနော်တို့လည်း လက်မှတ်ထိုးနိုင်ဖို့ဆိုရင်တော့ အဲဒီ ၂ ဖွဲ့မပါဘဲနဲ့တော့ ကျနော်တို့ မထိုးနိုင်ဘူး။ အဲဒါ ကျနော်တို့ရပ်တည်ချက် အခံတော့ရှိတယ်။ သူ့ကိုတော့ အဲလိုရှင်းပြထားပါတယ်။” လို့ပြောပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ဖော်ဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းအတွင်း တခါမှ မရဘူးတဲ့ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အချောသတ်ရေးဆွဲပြုစုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်လက်မှတ်ရေးထိုး ကြမယ့် အဖွဲ့တွေကိစ္စမှာ သဘောထား မကိုက်ညီဘဲ ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေတာပါ။ သမ္မတက အဖွဲ့ ၁၆ ဖွဲ့ ပါဝင်လက်မှတ်ထိုးဖို့ သဘောတူခဲ့ပြီဖြစ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကတော့ စာချုပ်ခေါင်းစဉ်နဲ့အညီ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ ဘယ်အဖွဲ့ကိုမှ ချန်မထားဖို့ ရပ်တည်နေတာဖြစ်ပါတယ်။ ကျင်းပနေတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တပ်ဦးရဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စနဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စကို ဦးစားပေးဆွေးနွေးနေပြီး အန်စီအေနဲ့ပတ်သက်လို့ အဖွဲ့အနေနဲ့ ရပ်တည်ချက် သတ်သတ်မှတ်မှတ်ရှိထားပြီးဖြစ်တဲ့အတွက် အထူးတလည် ဆွေးနွေးရခြင်း မရှိပါဘူးလို့ သူက ပြောပါတယ်။ “အန်စီအေတို့၊ ဘိုင်လက်ထရယ် လက်မှတ်ထိုးမယ့်ကိစ္စကတော့ ကျနော်တို့မှာ ရပ်တည်ချက်ရှိထားပြီးသား။ အားလုံးပါဝင်မှုမရှိဘူးဆိုရင် ဒီကောင် လက်မှတ်မထိုးနိုင်ဘူး။ ကျနော်တို့ တဖွဲ့ကို ဖဲ့ပြီးတော့မှ ဘိုင်လက်ထရယ် လုပ်ဖို့ဆိုရင် ကျနော်တို့က ဘယ်လိုမှ လိုက်ပါနိုင်မှာမဟုတ်ဘူး။ ဒါက ကျနော်တို့ရှိထားပြီးသားပါ။ ဒါပေမယ့် မြန်မာအစိုးရဘက်က တွေ့ဖို့လိုတယ်၊ ညှိနှိုင်းဖို့လိုတယ်ဆိုရင် ရတယ်၊ ကျနော်တို့တွေ့နိုင်တယ်၊ ညှိနှိုင်းနိုင်တယ်။ တွေ့ဆုံဆွေးနွေးတာက နည်းလမ်းတခုပဲလေ” လို့ ပြောပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်ဦး၊ ရခိုင်တပ်မတော်နဲ့၊ ကိုးကန့်တပ်မတော်တို့ သုံးဖွဲ့က တချိန်တည်းအပစ်အခတ်ရပ်စဲပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေး ထိုးဖို့ အစိုးရကို လွန်ခဲ့တဲ့ လပိုင်းက ပူးတွဲတောင်းဆိုခဲ့ကြပါတယ်။ ဒီလ ဆယ်ရက်နေ့မှာတော့ ဒီသုံးဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံစည်းဝေးပြီး နိုင်ငံရေး၊ စစ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။
6 years Ago
Up