တယောက်လျော့ အာဆင်နယ်က ဘန်လေကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ

January 23, 2017

တယောက်လျော့ အာဆင်နယ်က ဘန်လေကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်နေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ တယောက်လျော့ အာဆင်နယ်က ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ၅၉ မိနစ်မှာ နောက်ခံလူ မူစတာဖီက ခေါင်းတိုက် သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်း ကွင်းလယ်သမား ဆာခါ ၆၅ မိနစ်မှာ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ တယောက်လျော့ပေမယ့်လည်း အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဒီပွဲမှာ အပြန်အလှန် ကန်သွင်းချက်တွေနဲ့ နောက်ဆုံးမိနစ်အထိ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ဘန်လေအတွက် ချေပဂိုးကို ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဂရေးက ပင်နယ်တီကနေတဆင့် သွင်းယူပါတယ်။ အာဆင်နယ်အတွက် ဒုတိယအနိုင်ဂိုးကိုလည်း နာကျင်အချိန်ပိုမှာပဲ ပင်နယ်တီကနေ တိုက်စစ်မှူး ဆန်းချက်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဒီပွဲဟာ အရမ်းခက်ခဲတဲ့ပွဲတပွဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၄၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဘန်လေက ၂၆ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up