ခင်ပွန်းဖြစ်သူ ဘရက်ပစ်တ်နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ သူ့အနေနဲ့ မပျော်ရွှင်နိုင်ပါဘူးလို့ အင်ဂျလီနာဂျိုလီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ် “First They Killed My Father” ဇာတ်ကား အထူးပြသပွဲမှာ ခုလိုပြောလိုက်တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ စက်တင်ဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။
နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဘရက်ပစ်တ်နဲ့ အင်ဂျလီနာဂျိုလီတို့ ၂ ဦးဟာ အချိန် ၁၂ နှစ်ကြာအောင် လက်တွဲခဲ့ကြပြီးနောက်မှာမှ လမ်းခွဲပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။
“တယောက်တည်းရှိနေရတဲ့ ဒီအချိန်တွေဟာ ကျမအတွက် ခက်ခဲပါတယ်။ ဒါပေမယ့် ဒီနေ့ရက်တွေကို ကျမ ကြိုးစားဖြတ်ကျော်နေပါတယ်။ တယောက်တည်းဘဝကို ကျမ မပျော်ပိုက်နိုင်ပါဘူး။ ဒါ ကျမလိုချင်တဲ့ တစုံတရာမဟုတ်ပါဘူး။”
အသက် ၄၂ နှစ်အရွယ် အော်စကာဆုရှင် ဂျိုလီဟာ လက်ရှိမှာတော့ ကလေး ၆ ယောက်နဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။
မင်းသမီးဂျိုလီ ရိုက်ကူးခဲ့တဲ့ “First They killed My Father” ရုပ်ရှင်ကားဟာ ကမ္ဘောဒီးယား စစ်အာဏာရှင်လက်ထက်တုန်းက ကာလကို နောက်ခံထားပြီး ဘယ်သူတွေ သေဆုံးခဲ့တယ်၊ ဘယ်သူတွေ အသက်ရှင်ကျန်ခဲ့လဲဆိုတဲ့ လူတွေအကြောင်းကို ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကားဟာ ကမ္ဘောဒီးယား မိသားစုရဲ့ ချစ်မေတ္တာနဲ့ စွန့်လွှတ်ခြင်းတွေ ကမ္ဘောဒီးယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ စိတ်ဝိညာဉ် အလှအပတွေကို ခံစားတာတွေနဲ့ ပတ်သက်ပြီး ဦးတည်ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကို ၂၀၁၅ ခုနှစ် နိုဝင်ဘာနဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအကြား ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်ရှင်တကားလုံး ခမာဘာသာစကား ကမ္ဘောဒီးယားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။
6 years Ago