တယောက်စီး Jetpack လေယာဉ် ဒေါ်လာ ၂ သိန်းဝန်းကျင်ဖြင့် ရောင်းမည်

June 26, 2015

တယောက်စီး Jetpack လေယာဉ် ဒေါ်လာ ၂ သိန်းဝန်းကျင်ဖြင့် ရောင်းမည် (ရုပ်သံ)

ကမ္ဘာ့ပထမဆုံး လူတယောက်စီး Jetpack လေယာဉ်ငယ်တွေကို လာမယ့်နှစ်မှာ တစီး အမေရိကန်ဒေါ်လာ ၂ သိန်းဝန်းကျင်နဲ့ ရောင်းချမယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။ ဒီလေယာဉ်ငယ်ဟာ နယူးဇီလန် ကျောင်းသားတဦးဖြစ်တဲ့ ဂလန်း မာတင် (Glenn Martin) ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်တာဖြစ်ပြီး ၃၅ နှစ်ကြာ စမ်းသပ်ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ပထမဆုံး စမ်းသပ်ပျံသန်းခဲ့တုန်းက မီတာ ၁ ထောင်အမြင့်အထိ အောင်အောင်မြင်မြင် ပျံသန်းနိုင်ခဲ့ပြီး အဆင်းကိုတော့ လေထီးနဲ့ ပြန်ဆင်းခဲ့တာပါ။ ပြီးခဲ့တဲ့တပတ် ပါရီလေကြောင်းပြပွဲမှာတော့ နောက်ဆုံးထုတ်တဲ့ မော်ဒယ်ကို ပြသခဲ့ပြီး နမူနာလေယာဉ်ပေါ်မှာ လာကြည့်သူတွေကိုယ်တိုင် စမ်းသပ်မောင်းနှင်ခွင့် ပေးခဲ့ပါတယ်။ ဒီမော်ဒယ်အသစ်ကတော့ V4 မြင်းကောင်ရေ ၂၀၀ ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး နာရီဝက်ကြာ ပျံသန်းနိုင်ပါတယ်။ ၁ နာရီ ၇၄ ကီလိုမီတာနှုန်းနဲ့ အမြင့်မီတာ ၁ ထောင်အထိ ပျံသန်းနိုင်ပြီး အလေးချိန်ကီလို ၁၂၀ သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်ငယ်ကို သဲထိတ်ရင်ဖို စွန့်စားချင်တဲ့လူတွေပဲ စိတ်ဝင်စားလိမ့်မယ်လို့ ထင်စရာရှိပေမယ့် အဓိကရည်ရွယ်တာကတော့ အရေးပေါ်တုံ့ပြန်ရေး အခြေအနေတွေမှာ၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာသုံးဖို့ ရည်ရွယ်တယ်လို့ ကုမ္ပဏီ စီအီးအို ကိုကာက ပြောပါတယ်။ ကွန်ပိုစစ်သတ္တုနဲ့ လုပ်ထားတဲ့ ဖရိန်ဟာ မောင်းနှင်သူကို အထိအခိုက်မရှိအောင် အကာအကွယ်ပေးထားပြီး အရေးပေါ် အခြေအနေမှာလည်း လေထီးနဲ့ပျံဆင်းလို့ရအောင် ကန်ထွက်တဲ့ လေထီးတခုကိုပါ တပ်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ လာမယ့် ၂၀၁၆ နှစ်ဝက်မှာ စတင်ထုတ်ရောင်းနိုင်ဖို့လည်း အစီအစဉ်ဆွဲထားပါတယ်။
6 years Ago
Up