တယောက်စီးရဟတ်ယာဉ်

September 2, 2015

ကိုယ်တိုင်ထိန်းချုပ်စရာမလိုသည့် တယောက်စီး ရဟတ်ယာဉ် (ရုပ်သံ)

တကိုယ်ရည်စီးနင်းနိုင်တဲ့ ယာဉ်ပျံတွေဟာ လက်တွေ့နဲ့ အလှမ်းဝေးနေဆဲဆိုပေမယ့် ဒတ်ခ်ျလူမျိုး ဆော့ဖ်ဝဲပညာရှင်ကတော့ ခရီးသည်တယောက် တင်ဆောင်နိုင်တဲ့ ဒလက် ၄ လက်ပါ ရဟတ်ယာဉ်ထုတ်လုပ်ဖို့ နီးလာပြီလို့ ဆိုပါတယ်။ သော်စတင်ခရီဂျင်ရဲ့ဒီ ကွာဒရို (Quadro) ရဟတ်ယာဉ်ကို လူကိုယ်တိုင် ထိန်းချုပ်စရာမလိုဘဲ ခရီးသည်ပို့ဆောင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ "ကျနော်တွေးမိတာက အစိုးရတွေလည်း ဒီလို ပို့ဆောင်ရေးစနစ်ကို သုံးကြမှာပဲလေ။ ခရီးသည်အနေနဲ့ သူ့စမတ်ဖုန်းနဲ့ ဒရုန်းယာဉ်ကို လှမ်းခေါ်ပြီး ကိုယ်လိုရာခရီးကို သွားရုံပဲလေ။" ဒီ ဒလက် ၄ လက်ပါ ရဟတ်ယာာဉ်ရဲ့ အင်ဂျင်အလုံး ၂၀ ကို လစ်သီယမ်ဘက်ထရီနဲ့ လည်ပတ်တာဖြစ်ပြီး ကိုယ်ထည်ကို အလူမီနီယမ်အလွိုင်းသတ္တုနဲ့ တည်ဆောက်ထားတာပါ။ ဒီယာဉ်ကို MultiWii အော်တိုပိုင်းလော့စနစ်နဲ့ ထိန်းချုပ်မောင်းနှင်တာပါ။ ခုထိတော့ ကွာဒရို ရဟတ်ယာဉ်ဟာ ခရီးသည်တင်ဆောင်ပြီး လေထဲမှာ ၁၀ စက္ကန့်စာ ပျံသန်းနိုင်နေပါပြီ။ ခရီဂျင်ကတော့ ဒတ်ခ်ျလေကြောင်းအာဏာပိုင်တွေနဲ့ ပျံသန်းခွင့်ရဖို့ ညှိနှိုင်းနေပါပြီ။ ဒါ့အပြင် သူ့ယာဉ်ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ သက်သေပြဖို့ ဆုံးဖြတ်ထားပါတယ်။ "နည်းပညာပိုင်း စိန်ခေါ်မှုတင်မကဘူး။ လူတွေအနေနဲ့ ဒီယာဉ်ကို သတိထားမိပြီး လုံခြုံမှုရှိတယ်လို့ လက်ခံလာအောင် လုပ်နေရတယ်။ ဒါက အင်မတန်အရေးကြီးတယ်။ လာမယ့် ၁၅ နှစ်အတွင်း အားလုံးပြည့်စုံသွားမယ်လို့ မှန်းထားပါတယ်။" ကွာဒရိုယာဉ်ကို ဂျက်ဆန် (Jetson) စတိုင် ကားပျံတွေလို စွမ်းရည်မျိုးတွေရှိအောင် ဆောင်ရွက်နေပါတယ်။ ဗြိတိန်အခြေစိုက် မလွိုင်း လေကြောင်းအာကာသ ကုမ္ပဏီကတော့ ဒီနှစ် ပါရီလေကြောင်းပြပွဲမှာ အသေးစား ဟိုဗာဘိုက် (Hoverbike) ရဟတ်ယာဉ်ကို လူသားအတုလိုက်ပါပြီး ပျံသန်းပြခဲ့ပါတယ်။ သူတို့ရဲ့ အရွယ်အစားပြည့် ယာဉ်ကိုတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး တိုးတက် ဆန်းသစ်နေပါပြီ။
6 years Ago
Up