တူးမြောင်းထဲ ပိတ်မိနေသည့် ၁၇ ပေအရှည် မိကျောင်းကြီးကို ကယ်တင် (ရုပ်သံ)

November 11, 2016

တူးမြောင်းထဲ ပိတ်မိနေသည့် ၁၇ ပေအရှည် မိကျောင်းကြီးကို ကယ်တင် (ရုပ်သံ)

အစာရှာရင်း တူးမြောင်းထဲပိတ်မိနေတဲ့ ၁၇ ပေရှည်တဲ့ မိကျောင်းကြီးကို သီရိလကာင်္နိုင်ငံ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနက အရာရှိတွေက ကယ်တင်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းမြို့ဖြစ်တဲ့ မာတာရာမြို့မှာ မိကျောင်းကြီးကို တွေ့ခဲ့တာဖြစ်ပြီး အလေးချိန် တတန်လောက်ရှိနိုင်ပြီး အရှည်က ၁၇ ပေရှိတယ်လို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။ ကျွန်းပေါ်မှာတွေ့ဘူးတဲ့ မိကျောင်းတွေထဲမှာ ဒီမိကျောင်းက အကြီးဆုံးပဲလို့လည်း အရာရှိတွေက ပြောကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြါတယ်။ “လွန်ခဲ့တဲ့ ၅ လက ပိုလသမ်မ်မိုဒရာရာမြစ်ထဲမှာ အခုတွေ့တာနဲ့ အရွယ်အစားတူတဲ့ မိကျောင်းတကောင် ကျနော်တို့ တွေ့ခဲ့သေးတယ်၊ ဒီမိကျောင်းအမျိုးအစားကတော့ ဒီအရွယ်က အကြီးဆုံးပဲ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အူပါလာက ပြောပါတယ်။ အဲဒီဒေသထဲမှာ နီလာဝါလာမြစ်ဆီကို စီးဆင်းတဲ့တူးမြောင်းထဲမှာ နိုဝင်ဘာလ ၇ ရက်နေ့က မိကျောင်းပိတ်မိနေတာကို တွေ့ခဲ့တာဖြစ်ပြီး မိုးအကြီးအကျယ်ရွာလို့ ရေမျက်နှာပြင်မြင့်တက်ပြီးနောက် မိကျောင်းက အစာရှာရင်း ဒီလိုပိတ်မိခဲ့တာလို့ သတင်းတွေကပြောပါတယ်။ “ရွာသားတွေရဲ့အကူအညီနဲ့ မိကျောင်းကို ရဲတွေက ကယ်တင်နိုင်ခဲ့ပြီး မိကျောင်းနေခဲ့တဲ့နေရာကို အထိအခိုက်မရှိပဲ ပြန်ပို့ချင်တာ” လို့ သဘာဝတောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက အရာရှိဖြစ်သူ ရာဗင်ဒရာကူးမားက ပြောပါတယ်။ “မိကျောင်းက သူ့ဘာသာ ရွေ့လျားသွားလာပြီး ဒီကထွက်သွားဖို့အတွက် အရမ်းကြီးလွန်းနေတယ်။” မိကျောင်းကြီးကို ဂျေစီဘီ မြေတူးဖော်စက်ကြီးတွေ ထွန်စက်ကြီးတွေနဲ့ ရွှေ့ပြီး မြစ်ဆီကို ပြန်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
6 years Ago
Up