လစ်ဗျားနိုင်ငံ တာဟွန်နာမြို့ထဲမှာ အမှတ်အသားမရှိတဲ့ သင်္ချိုင်းလေးခုကနေ အလောင်း ၁၂ လောင်းကို လစ်ဗျားအာဏာပိုင်တွေက တူးဖော်တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာ ၂၈ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီဒေသဟာ ဇွန်လက အစိုးရ စစ်တပ် (GNA)က ပြန်သိမ်းပိုက်ထားတဲ့ နယ်မြေပါ။ ဒီမြို့ကို ဒေသခံ ခါနီမိသားစုက ချုပ်ကိုင်ထားတဲ့ ခါနီယတ် ပြည်သူ့စစ်အုပ်စုက နှစ်ချီ ထိန်းချုပ်ခဲ့ဖူးပါ တယ်။
ခါနီယတ် ပြည်သူ့စစ် အုပ်စုဟာ လစ်ဗျာ အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဗိုလ်ချုပ်ကြီး ခါလီဖာ ဟဲ့ဖ်တာရဲ့ လစ်ဗျား အမျိုးသားစစ်တပ် LNA နဲ့အတူ တိုက်ပွဲဝင်ဖူးပါတယ်။
ခါနီယတ် ခေါင်းဆောင်တွေကို ဖမ်းဖို့ GNA အစိုးရက ဝရမ်းထုတ်ထားပါတယ်။ တူရကီအစိုးရက လစ်ဗျားရဲ့ နိုင်ငံတကာ အသိအမှတ်ပြု GNA အစိုးရကို ကျောထောက် နောက်ခံပေးထားပြီး ဇွန်လက ရုတ်တရက် ထိုးစစ်ဆင်ခဲ့ပါတယ်။
GNA တိုက်ခိုက်ရေး သမားတွေဟာ အလောင်းတွေ ပုံနေတဲ့ ဆေးရုံတရုံနဲ့ ပျောက်ဆုံးနေသူတွေကို မြှုပ်ထားတဲ့ အမှတ်အသား မရှိတဲ့ သင်္ချိုင်းမြေပုံတွေကို တွေ့ခဲ့ကြပါတယ်။
GNA အစိုးရရဲ့ ပျောက်ဆုံး သူများ ရှာဖွေရေး ဗျူရိုက စုံစမ်းစစ်ဆေးသူတွေဟာ မှုခင်းဆေးပညာဆိုင်ရာ ဝတ်စုံတွေဝတ်ပြီး မြေပုံတွေထဲက အလောင်းတွေကို တူးဖော်ရင်း ဘယ်သူဘယ်ဝါ ဆိုတာ စုံစမ်းဖော်ထုတ်နေကြပါတယ်။
တူးဖော်တွေ့ရှိထားတဲ့ အလောင်းတချို့က ဦးခေါင်းခွံ ကွဲနေတာ၊ ခြေလက်တွေ ပြတ်နေတာ တွေ အပါအဝင် အကြမ်းဖက်ခံရတဲ့ အမှတ်အသားတွေ ရှိနေတယ်လို့ ဗျူရို အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago