တူရကီ သိမ်းပိုက်

October 13, 2019

ကာဒစ်ရှ် ပြည်သူ့စစ်တပ်ဖွဲ့များထံမှ ကျေးရွာ ၁၄ ရွာကို တူရကီ သိမ်းပိုက်

တူရကီစစ်တပ်ဟာ ကာဒစ်ရှ် ပြည်သူ့စစ်တွေဆီက ဆီးရီးယားရွာပေါင်း ၁၄ ရွာကို သိမ်းပိုက်ပြီးပြီလို့ အောက်တိုဘာ ၁၂ရက်မှာ ကြေညာလိုက်ပါတယ်။ တူရကီစစ်ဆင်ရေးအတွင်း ဆီးရီးယား အရှေ့မြောက်ပိုင်းကို တိုက်ခိုက်အပြီး လေးရက်မြောက်မှာ ခုလို ပြောတာပါ။ တူရကီက ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား သူပုန်တွေကလည်း ရတ်စ်အယ်လ်အိန်း မြို့လယ်ကို အဲဒီနေ့မှာပဲ သိမ်းပိုက်လိုက်ပြီလို့ အရာရှိတွေက ပြောပါတယ်။  တူရကီ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား သူပုန်တွေက ကာဒစ်ရှ်တပ်တွေနဲ့ အကြီးအကျယ်တိုက်အပြီး ဆီးရီးယားမြောက်ပိုင်းက ဗျူဟာမြောက် အမ်ဖှိုး အဝေးပြေးလမ်းကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ ကာဒစ်ရှ် ပြည်သူ့စစ်တွေ ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက် တူရကီစစ်တပ်နဲ့ သူတို့ ထောက်ပံ့ထားတဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဟာဆာခါ အလဲ့ပိုနိုင်ငံတကာ အဝေးပြေးလမ်းကြီးကို ပိတ်ဆို့ ဖြတ်တောက်ထားလိုက်ပြီလို့ စာနာသတင်းက ဆိုပါတယ်။  တူရကီတပ်တွေနဲ့ မဟာမိတ်သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းနယ်စပ်က မြို့ ၂ မြို့ကိုလည်း ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေဆီကနေ သိမ်းယူပြီးပြီလို့ သိရပါတယ်။  စစ်ဆင်ရေးစကတည်းက ခုထိ ကာဒစ်ရှ် တိုက်ခိုက်ရေးသမား သေဆုံးသူ အရေအတွက် ၃၉၉ ယောက်ရှိပြီလို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါပေမယ့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ တိုက်ပွဲတွေအတွင်း ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေ ၇၄ ယောက် သေဆုံးခဲ့ပြီး အများစုက တဲလ် အဘ်ယတ် မြို့ဝန်းကျင်မှာ သေဆုံးတာလို့ အောက်တိုဘာ ၁၂ ရက်နေ့က ပြောပါတယ်။
2 years Ago
Up