တူရကီ စစ်ဘက်ယာဉ်တန်း ကားဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ (ရုပ်သံ)

July 27, 2015

တူရကီ စစ်ဘက်ယာဉ်တန်း ကားဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ (ရုပ်သံ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ တူရကီစစ်ဘက်ယာဉ်တန်းတခု ဇူလိုင် ၂၆ ရက်နေ့က ကားဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီး တူရကီတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တူရကီတပ်ဖွဲ့ဝင်  ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဒိုင်ရာဘတ်ကာပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်းက PKK ကာဒ့်တပ်ဖွဲ့စခန်းတွေကို တူရကီလေကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီး နောက်တရက်မှာ အခုလို ယာဉ်တန်းတိုက်ခိုက်ခံရတာပါ။ ပြီးခဲ့တဲ့တပတ်က တူရကီနယ်စပ်မြို့ ဆူရုမြို့မှာ တက္ကသိုလ်ကျောင်းသားအများစုပါဝင်တဲ့ လူ ၃၂ ဦး အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး နောက်ပိုင်း တူရကီနယ်စပ်မှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာပါ။ အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေကို ထိန်းသိမ်းကြဖို့ အမေရိကန်က နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပေမယ့် PKK ကာဒ့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာခဲ့ပါတယ်။ တူရကီအစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေတဲ့ ကာဒ့်တွေကို အင်နည်းနေအောင် အိုင်အက်စ်အကြမ်းဖက်တွေနဲ့ ရင်ဆိုင်ပေးထားတယ်။ အဲ့ဒီအတွက်ကြောင့် အိုင်အက်စ်စစ်ဆင်ရေးမှာ တက်တက်ကြွကြွပါဝင်ခြင်းမရှိတာလို့ PKK ကာ့ဒ်တွေက စွပ်စွဲနေတာပါ။ အခုလို ကာဒ့်တွေကို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် တူရကီအစိုးရနဲ့ ငြိမ်းချမ်းရေးဟာ ပျက်ပြားပြီဖြစ်ပြီး နှစ် ၃၀ ပဋိပက္ခဟာ ပြန်ဖြစ်လာမယ့် အရိပ်အယောင်ရှိတယ်လို့ ဒေသတွင်း နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။
6 years Ago
Up