တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် လုပ်ကြံသတ်ဖြတ်ခံရ

December 20, 2016

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် လုပ်ကြံသတ်ဖြတ်ခံရ (ရုပ်သံ)

တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်မှာ တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို တူရကီရဲတပ်ဖွဲ့ဝင်တဦးက ဒီဇင်ဘာ ၁၉ ရက်မှာ လုပ်ကြံပစ်သတ်လိုက်ပါတယ်။ သေနတ်သမားဟာ အသက် ၂၂ နှစ်အရွယ် အန်ကာရာမြို့တော် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး တခြားအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိမရှိတော့ မသိသေးပါဘူး။ ဆီးရီးယားစစ်မှာ ရုရှားနိုင်ငံက ဆီးရီးယားသမ္မတ အာဆက်ဘက် ထောက်ခံအားပေးမှုကို ကန့်ကွက်ဆန္ဒပြပွဲတွေ တူရကီနိုင်ငံတဝန်း ဖြစ်ပွားခဲ့ပြီး နောက်တရက်မှာ အခုလို ပစ်သတ်ခံရတာပါ။ သေနတ်သမားဟာ ပစ်ခတ်မှုအပြီး အလက်ပိုနဲ့ ဆီးရီးယားကို မမေ့ကြနဲ့ဆိုပြီး အော်ဟစ်ကြိမ်းဝါးခဲ့ပါတယ်။ အလက်ပိုမြို့မှာ ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှုကို ကန့်ကွက်ရှုတ်ချပုံရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါဟာ တူရကီနဲ့ ရုရှားနိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေးကို ထိခိုက်ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ တူရကီသမ္မတက ပြောပါတယ်။ ရုရှားသမ္မတနဲ့ တူရကီသမ္မတ ၂ ဦးတို့ ဒီလုပ်ကြံမှုကိစ္စ ဖုံးဆက်စကားပြောဆိုကြပြီး ဒါဟာ ရန်ဆွတဲ့လုပ်ရပ်လို့ သမ္မတ ၂ ဦးလုံးက သဘောတူကြပါတယ်။ ဒီလုပ်ရပ်ဟာ ဆီးရီးယားငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးဖို့ ရည်ရွယ်တယ်လို့လည်း သမ္မတပူတင်က ပြောပါတယ်။ အခုလို ရုရှားသံအမတ်ကို အနုပညာပြခန်းတခုထဲ လုပ်ကြံသတ်ဖြတ်မှုကို ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့အစည်းတွေက အပြင်းအထန် ပြစ်တင်ရှုတ်ချကြပါတယ်။ သေနတ်သမားကိုတော့ ပစ်ခတ်မှုအပြီး ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
5 years Ago
Up