တူရကီလေဆိပ်တခုတွင် ပေါက်ကွဲမှုဖြစ်၊ အမျိုးသမီးတဦး သေဆုံး

December 24, 2015

တူရကီလေဆိပ်တခုတွင် ပေါက်ကွဲမှုဖြစ်၊ အမျိုးသမီးတဦး သေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရဲ့ ဒုတိယအကြီးဆုံး လေဆိပ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ပေါက်ကွဲမှုတရပ်ကြောင့် လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတဦး သေဆုံးပြီး တခြားတဦး ဒဏ်ရာရတယ်လို့ ဒိုဂံသတင်းဌာနက ပြောပါတယ်။ စရိတ်နည်း လေကြောင်းလိုင်း ပေဂါဆပ်က မြို့ရဲ့ အာရှဘက်ခြမ်း ဆာဘီဟာ ဂေါ့စန် လေဆိပ် ပတ်ဝန်းကျင်မှာ ခရီးသည်တွေမရှိချိန် မနက်အစောပိုင်း ၂ နာရီ ၅ မိနစ်က ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။ ပေါက်ကွဲမှုအပြီး လေဆိပ်ဝင်ပေါက်တွေမှာ ကျည်ကာဝတ်စုံနဲ့ ရိုင်ဖယ်သေနတ်တွေ အပြည့်အစုံနဲ့ ရဲတွေက လုံခြုံရေး တင်းကျပ်ခဲ့ပါတယ်။ လေဆိပ်ပေါ်မှာ ရဲရဟတ်ယာဉ်တစီး ပျံဝဲနေပြီး ဒေသတွင်း ကားတွေကို ရှာဖွေ စစ်ဆေးနေတယ်လို့ အစိုးရပိုင် အနာဒိုလူ သတင်းဌာနက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လေယာဉ် အတက်အဆင်းတွေမှာ ဘာပြဿနာမှ မဖြစ်ခဲ့ဘူးလို့ လေဆိပ်တာဝန်ရှိသူက ပြောပြီး လေဆိပ်လုပ်ငန်းစဉ်တွေ ပုံမှန် ဆက်ပြီး လည်ပတ်နေပါတယ်။ တူရကီနိုင်ငံထဲမှာ ကာဒစ်ရှ်သူပုန်တွေ၊ လက်ဝဲဝါဒီတွေနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေက ဗုံးနဲ့တိုက်ခိုက်တာတွေ ဖြစ်နေကျပါ။ အစိုးရနဲ့ ကာဒစ်ရှ် လုပ်သားများပါတီ ပီကေကေတို့ကြား ပြည်တွင်းစစ်က အနှစ် ၃၀ ကြာပါပြီ။
7 years Ago
Up