တူရကီဘောလုံးပရိတ်သတ်

February 22, 2020

တူရကီဘောလုံးပရိသတ်များ ရန်ဖြစ်ဟန်ဆောင်၍ လုံခြုံရေးဝန်ထမ်းမွေးနေ့ ပြုလုပ်ပေး

တူရကီဘောလုံးပရိတ်သတ်တွေဟာ ဘောလုံးပွဲချိန်တခုအတွင်း ရန်ဖြစ်ဟန်ဆောင်ပြီး တာဝန်ကျ လုံခြုံရေးဝန်ထမ်းရဲ့မွေးနေ့ကို Surprise လုပ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၁၅ ရက် အက်ဖ်ယွန်စပေါ နဲ့ ၁၉၂၂ ကွန်ယာစပေါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တူရကီဒုတိယတန်းဘောလုံးပွဲမှာဖြစ်ပွားခဲ့တာပါ။ ဒီအစီစဉ်ကို အက်ဖ်ယွန်စပေါအသင်းရဲ့ AFYOK လို့ခေါ်တဲ့ ပရိသတ်အဖွဲ့က လုပ်ခဲ့တာ ဖြစ်ပြီး သူတို့ဟာ တာဝန်ကျလုံခြုံရေးတွေရဲ့ အာရုံစိုက်မှုကို ရရှိအောင် ပထမဆုံးအချင်းချင်း ရန်ဖြစ်ဟန်ဆောင်ခဲ့ကြပါတယ်။ ပထမပိုင်းပြီးဆုံးချိန် အိမ်ကွင်းပရိတ်သတ်တွေဘက်မှာ ရန်ဖြစ်နေတာကို လူစုခွဲဖို့ ရဲအရာရှိ ကာကင်အပါအဝင်  လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိလာခဲ့ကြပါတယ်။   ကာကင်ဟာ လူစုခွဲဖို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိလာခဲ့ပြီး သူရောက်သွားတဲ့အချိန်မှာ တော့ ရန်ပွဲဟာ ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ ရန်ဖြစ်နေတဲ့ ပရိသတ်အုပ်ကြီးဟာ ကာကင်ကို ဝိုင်းပတ်ခဲ့ပြီးတော့ “Happy Birthday” လို့သံပြိုင် အော်ဟစ်ခဲ့ကြပါတယ်။  AFYOK အဖွဲ့ရဲ့ surprise အစီအစဉ်မှာ ကိတ်မုန့်တလုံးပါ ပါဝင်ခဲ့ကြပြီး ရဲအရာရှိကြီးက ဖယောင်းတိုင်တွေကို မှုတ်ပြီးတဲ့အချိန်မှာလည်း ပရိသတ်အုပ်ကြီးရဲ့ ချီးကျူးဂုဏ်ပြုသံတွေဟာ နောက်တကြိမ်ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။  “ကျနော်တာဝန်အရ ပွဲကြည့်စင်တွေမှာ ပေါ်ပေါက်လာနိုင်တဲ့ မတည်မငြိမ်မှုတွေအားလုံးကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတလေမှာ ပရိသတ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုး လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပရိသတ်တွေရဲ့ အပြုအမှုကတော့ တကယ့်ကို အံ့သြစရာပါပဲ။ ဒါဟာ သူတို့ဘက်က တပ်ဖွဲ့ဝင်တွေအပေါ် ဘယ်လိုမျိုးမေတ္တာထားတယ်ဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။ ဒီလိုမျိုး ပရိသတ်တွေရဲ့စေတနာနဲ့ တုံ့ပြန်မှုကိုရရှိခဲ့တဲ့အတွက် ဝမ်းသာမိသလို ဂုဏ်ယူစိတ်လည်း ဖြစ်မိပါတယ်” လို့ စိတ်လှုပ်ရှားနေတဲ့ ရဲအရာရှိကြီးကာကင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။  ရဲတပ်ဖွဲ့ဝင် ကာကင်ကို ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်ခဲ့တဲ့ AFYOK အတွက် သူတို့ အားပေးတဲ့ အသင်းဘက်ကလည်း တာဝန်ကျေခဲ့ပြီး ဒီပွဲစဉ်မှာ လေးဂိုးပြတ်နဲ့အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
1 year Ago
Up