တူရကီပြတိုက်

July 13, 2020

တူရကီပြတိုက်ကို ဗလီအဖြစ်ပြောင်းလဲသည့်အပေါ် စိတ်ထိခိုက်ခံစားရဟု ပုပ်ရဟန်းမင်းပြော

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က ဟာဂီယာဆိုဖီယာပြတိုက်ကို ဗလီအဖြစ် ပြောင်းလဲမယ့် တူရကီအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထိခိုက်ခံစားရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။ စိန့်ပီတာရင်ပြင်က အပတ်စဉ် ကျင်းပနေကျ ဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်ပြီး ဒီလုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဟာဂီယာဆိုဖီယာပြတိုက်မှာ ဇူလိုင်လ ၂၄ ရက်က စပြီး ပထမဆုံးဝတ်ပြုဆုတောင်းပွဲကို ကျင်းပမယ်လို့ တူရကီသမ္မတ တေယစ် အာဒိုဂံက ပြောပါတယ်။ တရားရုံးဆုံးဖြတ်ချက်က ပြတိုက်ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ချပြီး ရှေးဟောင်းဗိမာန်ကို တချိန်က ဖြစ်ခဲ့တဲ့အတိုင်း ဗလီအဖြစ် ပြန်သုံးဖို့ ကြေညာအပြီးမှာ ခုလို ဆုံးဖြတ်တာပါ။ ခရစ်ယာန်ဘုရားကျောင်းများ ကမ္ဘာ့ကောင်စီကလည်း တူရကီသမ္မတကို ဆုံးဖြတ်ချက် ပြန်ပြောင်းဖို့ ဆော်သြခဲ့ပါတယ်။ အစ္စတန်ဘူလ်အခြေစိုက် ကမ္ဘာ့အော့သိုဒေါ့ခ်စ်ခရစ်ယာန်ခေါင်းဆောင် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဘာသိုလိုမွေကလည်း ဒီဆုံးဖြတ်ချက်ကို စိတ်ပျက်တယ်လို့ ပြောခဲ့ပါတယ်။ သက်တမ်းနှစ်ပေါင်း ၁၅၀၀လောက် ရှိပြီဖြစ်တဲ့ ခရစ်ယာန်ဘုရားကျောင်း ဖြစ်ခဲ့ဖူးရာ ဟာဂီယာဆိုဖီယာကို မွတ်စလင်၊ ခရစ်ယာန်နဲ့ နိုင်ငံခြားသားတွေအတွက် ဆက်ဖွင့်ပေးထားမယ်လို့လည်း အာဒိုဂံက ပြောပါတယ်။ တူရကီဟာ ပြတိုက်ကို ဗလီအဖြစ်ပြောင်းဖို့ အချုပ်အခြာအခွင့်အရေး ရှိပြီး ပြောင်းလဲမှု အပေါ် ဝေဖန်ရင် လွတ်လပ်ရေးကို တိုက်ခိုက်မှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုမယ်လို့လည်း အာဒိုဂံက ဆက်ပြောပါတယ်။ ဂရိအစိုးရကလည်း ဒီလုပ်ရပ်ကို ပြစ်တင် ရှုတ်ချပါတယ်။ ကုလသမဂ္ဂယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)ကတော့ ဟာဂီယာဆိုဖီယာရဲ့ အခြေအနေကို ကမ္ဘာ့အမွေအနှစ်ကော်မတီက ပြန်သုံးသပ်ကာ အရေးကြီးတဲ့ အားလုံးနဲ့ဆိုင်တဲ့ တန်ဖိုးတခုအပေါ် သက်ရောက်မှုနဲ့ပတ်သက်လို့ တူရကီအစိုးရရဲ့ ဆုံးဖြတ်ချက်က မေးခွန်းတွေကို တိုးစေတယ်လို့ ပြောခဲ့ပါတယ်။
10 months Ago
Up