တူရကီတွင် လူသားချင်းစာနာမှု အကျပ်အတည်း ဆွေးနွေးအဖြေရှာ

May 27, 2016

တူရကီတွင် လူသားချင်းစာနာမှု အကျပ်အတည်း ဆွေးနွေးအဖြေရှာ

ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အကူအညီပေးရေး အေဂျင်စီတွေဟာ တူရကီနိုင်ငံ အီစတန်ဘူမြို့မှာ စုဝေးပြီး ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာဖို့အတွက် ဆွေးနွေးခဲ့ကြပြီး ၀ိုင်းဝန်းထည့်ဝင် ကူညီကြဖို့ သဘောတူညီခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြကြပါတယ်။ တူရီကီနိုင်ငံက မေ ၂၃-၂၄ ရက်အထိ လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲဟာ ဆီးရီးယားနိုင်ငံက ရွှေ့ပြောင်းအခြေချသူတွေ ဥရောပဘက်ကို စီးမြောဝင်ရောက်လာမှုနဲ့ ဒုတိယကမ္ဘာစစ်ပြီးကတည်းက အကြီးဆုံး ဒုက္ခသည်ပြဿနာကို ရင်ဆိုင်ဖြေရှင်းကြဖို့ ရည်ရွယ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်နက်ကိုင်အုပ်စုတွေဟာ အရပ်သားတွေနဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်မှု မြင့်တက်လာနေပြီး (အထူးသဖြင့် ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေမှာ) ဒါဟာ  လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်းကို လေးစားလိုက်နာမှု လျော့နည်းလာကြတာကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ ဒု-အထွေထွေအတွင်းရေးမှူးချုပ် Jan Eliasson က “ကျနော်တို့ဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့အညီ ရပ်တည်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ ပျက်ကွက်တာကြောင့် ကမ္ဘာကြီး အကြီးအကျယ် ပျက်စီးနေတာ မြင်ခဲ့ကြရပါပြီ” လို့  အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။ ဆီးရီးယား၊ ယီမင်၊ ဆူဒန်၊ အာဖဂန်နစ္စတန် အပါအ၀င် နိုင်ငံတချို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အုပ်စုတွေက တရက်ကို ပျမ်းမျှခြင်းအားဖြင့် စာသင်ကျောင်း (သို့မဟုတ်) ဆေးရုံဆေးခန်း ၄ ခုကို တိုက်ခိုက်ကြောင်းနဲ့ အရပ်သားတွေ ဒဏ်ရာအနာတရဖြစ်ရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကိုယ်စားလှယ်က ပြောပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)  ကလည်း မနှစ်တနှစ်တည်းတင် ဆေးရုံဆေးခန်းပေါင်း ၇၅ ခု ဗုံးခွဲခံရကြောင်း ပြောပါတယ်။ သြစတြေးလျ နိုင်ငံတကာဖွံ့ဖြိုးရေးကောင်စီ အဆိုအရ ကမ္ဘာပေါ်မှာ လူသားသန်းပေါင်း ၆၀ နီးပါးဟာ ရွှေ့ပြောင်းနေထိုင်ကြရကြောင်း၊ အဲဒီအရေအတွက်ထဲက လေးပုံတပုံဟာ ဆီးရီးယားနိုင်ငံသားတွေဖြစ်ကြောင်းနဲ့ လူသန်းပေါင်း ၁ ထောင်နဲ့ ၄ ရာခန့်ဟာ ပဋိပက္ခ အခြေအနေအောက်မှာ နေထိုင်ရခြင်း (သို့မဟုတ်) သူတို့ဘ၀တွေဟာ ခြိမ်းခြောက်ခံရတဲ့ အခြေအနေမှာ ရောက်ရှိနေကြောင်း သိရပါတယ်။ နှစ်ရက်ကြာဆွေးနွေးပွဲမှာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံက အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ တက်ရောက်ပါတယ်။ ဆွေးနွေးပွဲကို ဂျာမန်ဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်နဲ့ အိုင်ယာလန်၊ နယ်သာလန်၊ လက်ဘနွန်၊ ကူဝိတ်နိုင်ငံတွေက နိုင်ငံအကြီးအကဲတွေနဲ့အတူ ထင်ရှားတဲ့ အနုပညာကြယ်ပွင့်တွေလည်း တက်ရောက်ကြပါတယ်။ ကိုယ်စားလှယ်တွေက ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေကို မြှင့်တင်ဖို့နဲ့ ဒုက္ခသည်တွေကို ငွေကြေး ပိုမိုထောက်ပံ့နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေရဲ့ လုပ်ငန်းကုန်ကျစရိတ်တွေကို လျှော့ချကြဖို့ ဆွေးနွေးခဲ့ပါတယ်။ တူရကီသမ္မတနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့က ဆွေးနွေးပွဲကို စက်မှုထိပ်သီး ၇ နိုင်ငံအနက် ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်တယောက်ပဲ တက်ရောက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု အကျပ်အတည်းကို တုံ့ပြန်ရင်ဆိုင်ဖို့ စိတ်ပျက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကနေဒါ၊ ဂျပန်၊ ဗြိတိန်၊ အီတလီနဲ့ အမေရိကန်၊ ပြင်သစ်၊ ရုရှား စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိပါဘူး။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက “သဘာဝကရော၊ လူသားကပါ လုပ်ဆောင်တဲ့ ကပ်ဘေးတွေကြောင့် လူသန်းပေါင်း ၁၃၀ ဟာ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ လိုအပ်နေတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံ။ ဒါဟာ ၂၀၀၀ ခုနှစ်ကနဲ့ယှဉ်ရင် ၁၂ ဆ တက်လာတာ။ ဒါပေမယ့် ဒီအရေအတွက်ဟာ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်အားလုံး စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိတယ်” လို့ ပြောပါတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်ချက်ဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းကဆို အဆိုးဆုံးအခြေအနေကို ရောက်နေတာကြောင့် ကူညီကြဖို့ မစ္စတာဘန်က တိုက်တွန်းခဲ့ပါတယ်။ ဂျော်ဒန်နဲ့ တူရကီနိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း ဆီရီးယား ဒုက္ခသည်တွေကို လက်ခံထားရတာဟာ သူတို့နိုင်ငံတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်တာကြောင့် နိုင်ငံတကာ အကူအညီတွေ ပေးကြဖို့   ပြောခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ အကူအညီပေးရေး အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ နိုင်ငံ ၁၇ နိုင်ငံက ကူညီထည့်ဝင်ဖို့ သဘောတူကြပေမယ့် ကမ္ဘာ့ဒုတိယအကြီးဆုံး အလှူရှင် တူရကီကတော့ ထည့်ဝင်မယ်လို့ ကတိမပြုပါဘူး။ အစည်းအဝေးတက်တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာစုအို ဖူကူဒါက အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက က ဒုက္ခသည်တွေအတွက် လာမယ့် ၃ နှစ်စာအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ကူညီမယ်လို့ ကတိပြုခဲ့ကြောင်း ဂျပန် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။ ဒုက္ခသည်တွေရဲ့ ပူဆွေးသောကတွေ လျော့ပါးစေဖို့နဲ့ နိုင်ငံနဲ့ အနာဂတ်ကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ စွမ်းအားတွေ ရရှိအောင်ကူညီပေးမယ်လို့ သူက ပြောပါတယ်။ စည်းဝေးပွဲတက်ရောက်တဲ့ ကနေဒါနိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး မာရီကလောက်ဘိုင်ဘီရုကလည်း လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၃၃၁ ဒသမ ၅ သန်း ထပ်မံထည့်ဝင်မယ်လို့ ကြေညာခဲ့ပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံကျော်ကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ အလားတူ သြစတြေးလျနိုင်ငံကလည်း သုံးနှစ်စာအတွက် ဒေါ်လာသန်း ၂၂၀ ထည့်ဝင်မယ်လို့ ကြေညာခဲ့ပါတယ်။
6 years Ago
Up