တူရကီတွင် နယူးရီးယားပွဲ ကျင်းပနေသည့် နိုက်ကလပ်ကို သေနတ်သမား ဝင်ရောက်ပစ်ခတ်

January 1, 2017

တူရကီတွင် နယူးရီးယားပွဲ ကျင်းပနေသည့် နိုက်ကလပ်ကို သေနတ်သမား ဝင်ရောက်ပစ်ခတ်

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာ ဇန်နဝါရီလ ၁ ရက်နေ့က နယူးရီးယားပွဲတော် ကျင်းပနေတဲ့ နိုက်ကလပ်တခုကို သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ချက်ချင်း ပြစ်တင်ဝေဖန်ပါတယ်။ သေနတ်သမားဟာ ရိုင်နာ (Reina) နိုက်ကလပ်အဝင်ဝမှာတင် ရဲအရာရှိတဦးနဲ့ အရပ်သားတဦးကို အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပျော်ရွှင်နေတဲ့ လူငယ်တွေနဲ့ ပြည့်နေတဲ့ နိုက်ကလပ်ထဲဝင်ရောက်ပြီး မြင်မြင်သမျှကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဏ်ရာရသူတဦးက “ကျနော့်ခြေထောက် အပစ်ခံခဲ့ရပါတယ်၊ ရူးနေတဲ့လူတွေ ရောက်လာပြီး မြင်မြင်သမျှကို ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်နေတဲ့ လူတယောက်ကို မြင်တာကြောင့် ကျနော် ပုန်းနေခဲ့ပါတယ်” လို့ ပြောပြသွားပါတယ်။ ဒ်ီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစ္စတန်ဘူလ်မြို့တော်အုပ်ချုပ်ရေးမှူးက “မနက် ၁ နာရီ ၁၅ မိနစ်လောက်မှာ ရှည်လျားတဲ့ သေနတ်တလက်နဲ့အတူ အကြမ်းဖက်သမားတဦး နိုက်ကလပ်ထဲ ဝင်လာခဲ့ပါတယ်။ သူဟာ ဂိတ်ပေါက်ဝမှာစောင့်နေတဲ့ ရဲအရာရှိနဲ့ အရပ်သားတဦးကို အရင်ပစ်ခတ်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ နယူးရီးယားပွဲကျင်းပပြီး ပျော်ရွှင်နေတဲ့ အပစ်မဲ့သူတွေကို ရက်ရက်စက်စက် ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။ လောလောဆယ် စုံစမ်းမှုတွေအရ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ပါတယ်” လို့ ရှင်းပြသွားပါတယ်။ အခင်းဖြစ်ချိန်က အဲ့ဒီနိုက်ကလပ်ထဲမှာ လူ ငါးရာ ခြောက်ရာလောက်ရှိပြီး တချို့က နိုက်ကလပ်ဘေးက ရေထဲကို ခုန်ချထွက်ပြေးခဲ့ကြောင်း၊ နောက်ပိုင်းမှာ သူတို့ကို ကယ်တင်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up