တူရကီတွင်

December 30, 2017

တူရကီတွင် နှစ်သစ်ကူးအကြို လုံခြုံရေးတင်းကျပ်၊ အိုင်အက်စ်သံသယရှိသူများကို ဖမ်းဆီး

တူရကီ ရဲတွေဟာ နှစ်သစ်ကူးအကြို လုံခြုံရေးဆိုင်ရာ စီးနင်းမှုအတွင်း အိုင်အက်စ် စစ်သွေးကြွလို့ သံသယရှိသူတွေကို ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။ တူရကီရဲတွေဟာ မြို့တော် အန်ကာရာက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေလို့ သံသယရှိ သူ ၂၉ ယောက်ကို မနေ့က ဖမ်းခဲ့တယ်လို့ အစိုးရပိုင် အနာဒိုလူ သတင်းဌာနက အစီရင်ခံပါတယ်။ အစိုးရရှေ့နေတွေက လူ ၄၆ ယောက်ကို ဖမ်းဖို့ ဝရမ်းထုတ်ခဲ့ပြီး လောလောဆယ် ၂၉ ယောက်ကို ဖမ်းမိခဲ့တယ်။ စီးနင်းမှုအတွင်း သိမ်းမိတဲ့ ပစ္စည်းတွေအရ သံသယရှိသူတွေဟာ နှစ်သစ်ကူးမှာ တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့လည်း သတင်းဌာနက ပြောပါတယ်။ အန်ကာရာ မြို့တော်တလွှား စီးနင်းမှုတွေ ဆက်တိုက်လုပ်ရာမှာ ရဲအရာရှိ အယောက် ၅၀၀ လောက် ပါဝင်ခဲ့ပါတယ်။ ဖမ်းမိသူ အများအပြားဟာ နိုင်ငံခြားသားတွေလို့ အနာဒိုလူက အစီရင်ခံပါတယ်။ မနေ့က အစ္စတန်ဘူလ်မြို့မှာလည်း ရဲတွေက နေရာ ၂၅ ခုကို စီးနင်းခဲ့ပါတယ်။ အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွလို့ သံသယရှိသူ ၄၆ ယောက်ကို ဖမ်းခဲ့ပြီး ၄၃ ယောက်က နိုင်ငံခြားသားတွေလို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ သံသယ ရှိသူတွေဟာ အိုင်အက်စ်တွေအတွက် မှောင်ခိုကုန်ကူးမှုနဲ့ ခိုးဝှက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့လည်း ပြောပါတယ်။ အရင်နေ့ကတော့ တူရကီနိုင်ငံတလွှား သံသယရှိသူ ၁၂၅ ယောက်ကို ဖမ်းခဲ့တာပါ။ နှစ်သစ်ကူးအကြို လုံခြုံရေး တင်းကြပ်မှု ရလဒ်လည်း ဖြစ်ပါတယ်။ လုံခြုံရေး အကြောင်းပြချက်တွေအတွက် အစ္စတန်ဘူလ် မြို့ရဲ့ အဓိက ခရိုင်တွေမှာ အများ ပြည်သူ ပျော်ပွဲတွေကို ဖျက်သိမ်း တားမြစ်ခဲ့ပြီး  မြို့ထဲမှာ ရဲအရာရှိ အယောက် ၃ သောင်း ၇ ထောင်ကို တာဝန်ချမယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။ လုံခြုံရေးအတွက် အန်ကာရာ မြို့တော်က ကီဇီလေ ရင်ပြင်ကိုလည်း ဒီဇင်ဘာ ၃၁ ရက် ညအတွက် လူစုခွင့် မပြုဘူးလို့ မီဒီယာတွေက ဖြော်ပါတယ်။ မနှစ်က နှစ်သစ်ကူး ပွဲတော်တွေအတွင်း အမျိုးသားတယောက်က ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ တူရကီ နိုင်ငံသားတွေနဲ့ အာရပ် ဧည့်သည်တွေ အပါအဝင် လူ ၃၉ ဦး သေဆုံးခဲ့ဖူးပါတယ်။
3 years Ago

July 29, 2017

တူရကီတွင် မိုးသီးမုန်တိုင်းကြောင့် လေယာဉ်တစီး အရေးပေါ်ဆင်းသက်(ရုပ်သံ)

တူရကီနိုင်ငံမှာ ပြင်းထန်ဆိုးရွားတဲ့ မိုးသီးမုန်တိုင်း တိုက်ခတ်အပြီး အစ္စတန်ဘူလ်မြို့က အတာတာ့ခ် လေဆိပ်မှာ လေယာဉ်တစီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အတ္တလပ်စ် ဂလိုဘယ် လေကြောင်းလိုင်းက လေယာဉ်ရဲ့ နှုတ်သီးနဲ့ လေယာဉ်မောင်းခန်း ပြတင်းပေါက်တွေမှာ အကြီးအကျယ် ပျက်စီးခဲ့တာပါ။ မိုးသီး အကြီးကြီးတွေ ဆိုးဆိုးရွားရွားထိမှန်ခဲ့လို့ လေယာဉ်ပြတင်းတွေလည်း အပျက်အစီးတွေ များခဲ့ပါတယ်။ မိုးသီးမုန်တိုင်းက တူရကီနိုင်ငံကို ဖြတ်သန်း တိုက်ခတ်နေချိန်မှာ ဆိုက်ပရပ်စ် မြောက်ပိုင်းကနေ ပျံသန်းလာတဲ့ လေယာဉ်ဟာ ပုံမှန်လမ်းကြောင်းအတိုင်း ဦးတည် ပျံသန်းခဲ့တာပါ။ ဂေါက်သီးလုံးလောက် မိုးသီးတွေနဲ့ သည်းထန်တဲ့ မိုးက အစ္စတန်ဘူလ်မြို့ကို ဇူလိုင် ၂၇ ရက်နေ့က တိုက်ခတ်ခဲ့လို့ လမ်းတွေ ရေကြီးပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။ လေကြောင်း ခရီးစဉ်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလည်း ရပ်ဆိုင်းခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူအနည်းဆုံး ၂ ယောက်ဒဏ်ရာရတယ်လို့ ဒေးလီးဆာဘာ သတင်းစာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up