အီရတ်နိုင်ငံမြောက်ပိုင်း မိုဆူးမြို့ အနားမှာ တူရကီ စစ်တပ်ကို သက်တမ်းတနှစ် ဆက်လက်ထားရှိဖို့ တူရကီ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သိမ်းပိုက်မယ့် တပ်တွေလို့ ရှုမြင် စဉ်းစားပြီး အီရတ် လွှတ်တော်က ပယ်ချလိုက်ပါတယ်။
အစ္စလာမစ်နိုင်ငံအမည်ခံ အိုင်အဲ့စ်စစ်သွေးကြွတွေကို အကြီးစား ခြေကုပ်မြို့ မိုဆူးလ်ကနေ တိုက်ထုတ်နှိမ်နင်းဖို့ တူရကီတပ်တွေကို အီရတ် နိုင်ငံထဲမှာ တနှစ်ဆက်ထားမယ်လို့ တူရကီလွှတ်တော်က စနေနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။
အီရတ်နိုင်ငံအတွင်း တူရကီစစ်တပ် တည်ရှိမှုကို ပြစ်တင်ရှုတ်ချပြီး တပ်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဆုတ်ခွာဖို့ တိုက်တွန်းတယ်လို့လည်း အီရတ် လွှတ်တော်က ဆုံးဖြတ်ပါတယ်။
အီရတ် နိုင်ငံခြားရေး ဝန်ကြီးကလည်း တူရကီ သံအမတ်ကြီးကို မြို့တော် ဘဂ္ဂဒက်ဆီ ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ပါတယ်။
မိုဆူးလ် စစ်ဆင်ရေးမှာပါဝင်ဖို့ အီရတ်မဟုတ်တဲ့ ခြေလျင်တပ် ဘယ်တပ်ကိုမဆို လက်မခံဘူး လေကြောင်း စီးနင်းမှုအနေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေက ပူးပေါင်းဆောင်ရွက်နေပါတယ်။
လေကြောင်းစီးနင်းမှုနဲ့ အီရတ်ရဲ့ လေပိုင်နက်ထဲကို လေယာဉ်တွေ ဝင်ရောက်မှုက ပူးတွဲတပ်တွေရဲ့ အခွင့်အာဏာအရ ဖြစ်ပါတယ်။
တူရကီ စစ်တပ်က မြို့သိမ်းစစ်ဆင်ရေးမှာပါဖို့ ခွင့်ပြုမထားတဲ့ တပ်တွေ ဖြစ်တယ်လို့ အီရတ်လွှတ်တော်အမတ် အာဘတ်စ်ဘာယာတီက ပြောပါတယ်။
အီရတ်ရဲ့ အချုပ်အခြာအတွက် အီရတ် အစိုးရဟာ တူရကီနဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကို ပြန်စဉ်းစားတာအပါအဝင် တရားရေးနဲ့သံတမန်ရေး လုပ်ဆောင်ချက် အားလုံးကို လုပ်ရမယ်လို့ အီရတ် လွှတ်တော်က ပြတ်ပြတ်သားသား ပြောပါတယ်။
တူရကီကတော့ အီရတ်ရဲ့ ထပ်ခါတလဲ ဆော်သြမှုကို လျစ်လျစ်ရှုခဲ့ပါတယ်။
အီရတ်နိုင်ငံထဲက တူရကီစစ်သားတွေဟာ အိုင်အဲ့စ် စစ်သွေးကြွတွေကို တိုက်ထုတ်မယ့် အီရတ်စစ်တပ်ကို သင်တန်းပေး လက်နက် တပ်ဆင်ပေးတဲ့ နိုင်ငံတကာ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း တူရကီ အစိုးရက ပြောခဲ့ပါတယ်။
6 years Ago