ဟောင်ကောင်က ထွက်ခွာလာတဲ့ တူရကီလေကြောင်းလိုင်း ကုန်တင်လေယာဉ်တစီး ဒီနေ့မနက်က ကာဂျစ္စတန်နိုင်ငံမှာ ပျက်ကျသွားခဲ့ပြီး လူ ၃၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ကာဂျစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။
လေယာဉ်ဟာ လူနေအိမ်တွေပေါ် ပျက်ကျသွားခဲ့လို့ သေဆုံးသူအများစုဟာ မြေပြင်ပေါ်မှာဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
လူနေအိမ်အဆောက်အဦ အနည်းဆုံး ၁၅ လုံးပျက်စီးခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကုန်တင်လေယာဉ်ဟာ ဟောင်ကောင်ကနေ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ကို ပျံသန်းလာတာဖြစ်ပြီး ကာဂျစ္စတန်မြို့တော်နားက နိုင်ငံတကာလေဆိပ်တခုမှာ လေယာဉ်ဆီဖြည့်ဖို့ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျသွားရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လေယာဉ်ပျက်ကျတဲ့အချိန်မှာ မြူတွေပိတ်နေတယ်လို့လည်း ဆိုပါတယ်။
ကုန်တင်လေယာဉ်ပေါ်မှာတော့ အနည်းဆုံး လူ ၄ ဦး လိုက်ပါလာခဲ့ပြီး သေဆုံးသူဦးရေ ဒီထက်မက တိုးမြင့်လာဖွယ်ရှိတယ်လို့ ကာဂျစ္စတန် အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
6 years Ago