တူရကီ

November 29, 2022

ဆီးရီးယားနယ်စပ်တွင် တူရကီက လုံခြုံရေးစင်္ကြံ တည်ဆောက်မည်

တူရကီသမ္မတ တာယစ်အာဒိုဂန်က ဆီးရီးယားနဲ့ တောင်ပိုင်းနယ်စပ်တလျှောက် ကီလိုမီတာ ၃၀ ရှည်လျားတဲ့ လုံခြုံရေးစင်္ကြံတခု တည်ဆောက်မယ့် တူရကီရဲ့ ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၈ ရက်မှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံထဲကို တူရကီစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘယ်သူ့ကိုမှ အနှောင့်အယှက် မဖြစ်စေရဘူးလို့ မြို့တော် အန်ကာရာမှာပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ အာဒိုဂန်က ပြောပါတယ်။

တူရကီဟာ နေ့စဉ်ပစ်ခတ်တဲ့ ဟောင်ဝစ်ဆာတွေနဲ့ ကာ့ဒ် YPG ပစ်မှတ်တွေကို တပတ်ကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်လေယာဉ်တွေကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေချိန် ဖြစ်ပါတယ်။

တူရကီတပ်ဖွဲ့တွေဟာ နယ်စပ်တလျှောက် ကာ့ဒ်ပြည်သူ့စစ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တူရကီစစ်တပ်ဟာ ဆီးရီးယားမြောက်ပိုင်းကို မြေပြင်မှာ ကျူးကျော်ဝင်ရောက်ရေးအတွက် အဆင်သင့်ရှိနေဖို့က ရက်ပိုင်းသာ လိုအပ်ပါတယ်။

အဲဒီအတွက် ဆုံးဖြတ်ချက်ကလည်း တနင်္လာနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း တူရကီ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ တရားဝင်ဆုံးဖြတ်ချက်ကို မျှော်လင့်ထားပေမဲ့လည်း အာဒိုဂန်ဟာ သူ့ရဲ့မိန့်ခွန်းထဲမှာ အဲဒီကိစ္စကို တိုက်ရိုက် ထည့်မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အစ္စတန်ဘူလ်မှာ လူအသေအပျောက်များတဲ့ ဗုံးခွဲတိုက်ခိုက်မှုတခု ဖြစ်ပွားပြီးနောက်မှာ အန်ကာရာဟာ YPG ပြည်သူ့စစ်ကို အပြစ်တင်ခဲ့ပြီး နယ်စပ်တလျှောက်မှာ တိုက်ခိုက်ရေးအရှိန်အဟုန် မြင့်တက်လာတာပါ။

YPG ကတော့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေမှာ မော်တာကျည်ဆန်တွေနဲ့ မကြာခဏ တုံ့ပြန်ခဲ့ပါတယ်။

တူရကီဟာ အရင်ကလည်း YPG ကို တိုက်ခိုက်ဖို့ ဆီးရီးယားမှာ စစ်ရေးအရ ကျူးကျော်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

1 week Ago

November 25, 2022

ဆီးရီးယားနှင့် အီရတ်ရှိ ပစ်မှတ် ၄၇၁ ခုကို တူရကီ တိုက်ခိုက်

ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ပစ်မှတ် ၄၇၁ ခုကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွ ၂၅၄ ဦးကို ရှင်းလင်းခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာက နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။  

အစောပိုင်း သီတင်းပတ်က အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တူရကီအစိုးရက လေကြောင်းစစ်ဆင်ရေးကို သီတင်းပတ်ကုန်မှာ စတင်ခဲ့ပြီး YPG အဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။ PKK နှင့် YPG တို့ကတော့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးထားတဲ့ တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ရဲ့ တောင်ပံတခုအဖြစ် သတ်မှတ်ခံထားရတဲ့ ကာ့ဒ် YPG ပြည်သူ့စစ်တွေကို တူရကီက အရင်က ဆီးရီးယားမှာ စစ်ရေးအရ ကျူးကျော်ခဲ့ပါတယ်။

YPG ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တပ်မှူး မက်ဇ်လွန် အဘာဒီက သူ့ရဲ့ ဇာတိမြို့ ခိုဘာနီဟာ မြေပြင်ထိုးတွေနဲ့ ပစ်မှတ် ဖြစ်လာမယ်လို့ အယ်လ် မော်နီတာ သတင်းဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ခိုဘာနီမြို့ဟာ ဆီးရီးယားက ထိန်းချုပ်ထားပြီးသား နယ်မြေတွေနဲ့ ဆက်နေပြီး တူရကီအတွက် ဗျူဟာမြောက် အရေးကြီးတဲ့နေရာ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ရုရှားနဲ့ အမေရိကန်တို့ရဲ့ တုံ့ပြန်ပုံက အားနည်းတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်အဖွဲ့ကို တိုက်ဖျက်ရာမှာ အမေရိကန်က SDF နဲ့ မဟာမိတ်ဖွဲ့ထားပြီး တူရကီနဲ့ နက်နက်ရှိုင်းရှိုင်း ကွဲလွဲနေပါတယ်။

2 weeks Ago
More News
Up