တူနီးရှားနိုင်ငံ စူဆာမြို့ ဟိုတယ်ပစ်ခတ်မှု ၃၇ ဦး သေဆုံး

July 5, 2015

ကမ္ဘာလှည့်ခရီးသည်များ အသတ်ခံရမှုကြောင့် တူနီးရှားတွင် အရေးပေါ်အခြေအနေကြေညာ

တူနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်က ကမ္ဘာလှည့်ခရီးသည် ၃၈ ဦးပစ်သတ်ခံခဲ့ကြရအပြီး ဇူလိုင် ၄ ရက်နေ့က အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဆိုစီကမ်းခြေပစ်ခတ်မှုအပြီး နိုင်ငံရဲ့ လုံခြုံရေးအဆင့်တိုးမြှင့်ပြီးလည်းဖြစ်ပါတယ်။ ဆိုစီကမ်းခြေအကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ နိုင်ငံခြားသား ၃၈ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲက အယောက် ၃၀ ဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ သမ္မတက နိုင်ငံအရေးပေါ်အခြေအနေကြေညာခဲ့တာကြောင့် တူနီးရှား လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အင်အားသုံးခွင့်ပိုမိုရရှိမှာဖြစ်ပြီး အများပြည်သူ စုဝေးသွားလာခွင့်တွေကိုလည်း ကန့်သတ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ ဟိုတယ်တွေနဲ့ အပန်းဖြေကမ်းခြေတွေမှာ ရဲတပ်ဖွဲ့ဝင် ၁၄၀၀ ကျော် တိုးမြှင့်ချထားတာပါ။ အဲ့ဒီကမ်းခြေတိုက်ခိုက်မှုမှာ  တူနီးရှားလုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်မှု နှေးကွေးတယ်ဆိုပြီးတော့လည်း ပြစ်တင်ဝေဖန်မှုတွေရှိနေပါတယ်။ အကြမ်းဖက်သေနတ်သမားဟာ တူနီးရှားကျောင်းသားတဦးဖြစ်ပြီး လစ်ဗျားနိုင်ငံမှာ အကြမ်းဖက်သင်တန်းတက်ခဲ့တယ်လို့ တူနီးရှားအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုမှာ သူနဲ့ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ၈ ဦးကိုလည်း တူနီးရှားရဲတွေက ဖမ်းဆီးထားပါတယ်။ ဒီကမ်းခြေတိုက်ခိုက်မှုဟာ တူနီးရှားခရီးသွားလုပ်ငန်းအပေါ် ၃ လအတွင်း ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ကျူနစ်မြို့တော်က ဘာဒိုအမျိုးသားပြတိုက် တိုက်ခိုက်ခံရပြီး လူ ၂၂ ဦး သေဆုံးခဲ့ကြပါတယ်။  
6 years Ago

July 2, 2015

တူနီးရှား တိုက်ခိုက်ခံရမှု သေဆုံးဗြိတိန်နိုင်ငံသား ၈ ဦးအလောင်း ပြန်ပို့

အရင်တပတ် ဇွန် ၂၆ ရက်နေ့က တူနီးရှားနိုင်ငံ ကမ်းခြေဟိုတယ်တလုံး တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ ဗြိတိန်နိုင်ငံသား ၈ ဦးရဲ့ အလောင်းကို အနောက်လန်ဒန်မှာရှိတဲ့ ရေခဲတိုက်ကို ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ ပို့ထားပါတယ်။ တူနီးရှား ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သေဆုံးသွားသူတွေထဲမှာ ဗြိတိန်နိုင်ငံသား  အယောက် ၃၀ နဲ့ တခြား နိုင်ငံခြားသား ၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ဆူဇီမြို့ကမ်းခြေမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ခေတ်သစ် တူနီးရှားသမိုင်းမှာ အဆိုးရွားဆုံးဖြစ်သလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း ထိုးနှက်ချက် ဖြစ်ပါတယ်။ တူနီးရှားမှာ လွန်ခဲ့တဲ့ ၄ နှစ်က အာဏာရှင် ဘင်အာလီကို ဖြုတ်ချခဲ့ပြီးကတည်းက အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အန္တရာယ်နဲ့ ကြုံနေရတာပါ။ အရင်တပတ်က တိုက်ခိုက်မှု ဖြစ်ခဲ့ပေမယ့် ဆူဇီမြို့ကမ်းခြေမှာ အလည်အပတ် သွားသူတချို့ ဇူလိုင် ၁ ရက်နေ့က ပြန်ရောက်နေပါတယ်။ ဒါပေမ့ယ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာလှည့်ခရီးသည် ထောင်နဲ့ချီပြီး တူနီးရှားကနေ ပြန်ထွက်ခွာသွားကြတဲ့အတွက် အရေအတွက်ကတော့ အတော်နည်းပါးသွားပါတယ်။ အာဏာပိုင်တွေဘက်ကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် နိုင်ငံခြားသားတွေ အလည်အပတ်များတဲ့ နေရာတွေမှာ ရဲအင်အားတွေကို တိုးမြှင့်ချထားပြီး ဖြစ်ပါတယ်။
6 years Ago
More News
Up